အာဏာသိမ်းအဖွဲ့က မြင်းခြံ တလုပ်ကျေးရွာမှ လူငယ်ကိုဖမ်းသွားပြီး တစ်ရက်အကြာတွင် မိသားစုကို အလောင်းလာယူခိုင်း

အာဏာသိမ်းအဖွဲ့က မြင်းခြံ တလုပ်ကျေးရွာမှ လူငယ်ကိုဖမ်းသွားပြီး တစ်ရက်အကြာတွင် မိသားစုကို အလောင်းလာယူခိုင်း

 မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့အနီးရှိ တလုပ်ကျေးရွာတွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်က ၂၀၂၁ ခုနှစ်၊ မေလ (၁၂) ရက်နေ့ မွန်းလွဲပိုင်း၌ အကြမ်းဖက်ဝင်ရောက်စီးနင်း ဖမ်းဆီးသွားသည့် လူငယ် (၆) ဦးအနက်မှ တစ်ဦးမှာ သေဆုံးသွားကြောင်း မေလ (၁၃) ရက်နေ့တွင် မိသားစုထံ အကြောင်းကြားထားသည်ဟု သိရသည်။

ဖမ်းဆီးခံရသည့် မြင်းခြံ GTC (နည်းပညာကောလိပ်) မှ ကျောင်းသား (၆) ဦးအနက် မောင်ဇင်ကိုထွန်းမှာ အာဏာသိမ်းအဖွဲ့၏ စစ်ကြောရေးအတွင်း ကျဆုံးခဲ့ရသဖြင့် မိသားစုက အလောင်းပြန်သယ်ရန် ဆောင်ရွက်နေကြောင်း မြင်းခြံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ-ဗကသများအဖွဲ့ချုပ်က ယနေ့နံနက်ပိုင်းတွင် အတည်ပြုထားသည်။

မြင်းခြံမြို့အနီး တလုပ်မြို့ကို အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်အဖွဲ့အင်အား စစ်ကား (၁၂) စီးဖြင့် မေလ (၁၂) ရက်နေ့ နေ့လယ်ပိုင်းတွင် လာရောက်ပိတ်ဆို့ တိုက်ခိုက်သဖြင့် ဒေသခံများက ပြန်လည်ခုခံခဲ့ရာ အချို့ ဒဏ်ရာရခဲ့ပြီး လူငယ် အမျိုးသား (၅) ဦးနှင့် အမျိုးသမီး (၁) ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

တလုပ်မြို့ကို ဝင်ရောက်တိုက်ခိုက်မှုအတွင်း အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်စစ်တပ်မှ (၆) ဦး ဒဏ်ရာရသည်ဟု သတင်းထုတ်ပြန်ပြီး ဖမ်းဆီးရမိသည့်လူငယ်များအား ပေါက်ကွဲမှုများပြုလုပ်သည်ဟုလည်း အာဏာသိမ်းအဖွဲ့ဘက်က စွပ်စွဲထားသည်။

အာဏာသိမ်းအဖွဲ့က စစ်အာဏာသိမ်းမှုကို လက်မခံသည့်ပြည်သူများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်နှိမ်နှင်းနေပြီး ဖမ်းဆီးခံရပြီး စစ်ကြောရေးအတွင်း ကျဆုံးရသည့်ပြည်သူများလည်း ရှိနေခြင်းဖြစ်သည်။

စစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်သည့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှ မေလ (၁၂) ရက်နေ့အထိကာလအတွင်း AAPP က စာရင်းကောက်ယူရရှိသည့် စာရင်းအရ အာဏာသိမ်းအဖွဲ့၏ အကြမ်းဖက်နှိမ်နှင်းမှုများကြောင့် ကျဆုံးရသည့် ပြည်သူအရေအတွက်မှာ (၇၈၅) ဦးရှိနေပြီး စာရင်းရရှိခြင်းမရှိသေးသည့်အရေအတွက်နှင့် စစ်ကြောရေးအတွင်း ကျဆုံးရသည့်ပြည်သူအများအပြား ရှိနေခြင်းဖြစ်သည်။