အမှုပွဲစား တစ်တောင် ထွန်းသိန်းကို ဒေသကာကွယ်ရေးအဖွဲ့က ရှင်းလင်း

အမှုပွဲစား တစ်တောင် ထွန်းသိန်းကို ဒေသကာကွယ်ရေးအဖွဲ့က ရှင်းလင်း
ဒီဇင်ဘာ 19, 2021 | အခြားဒေသများ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်အတွင်း၊ ဝမ်းတွင်းမြို့ သဲတော(၃)ရပ်ကွက်နေ အမှုပွဲစား တစ်တောင် ထွန်းသိန်းဆိုသူအား ဒေသကာကွယ်ရေးအဖွဲ့ဖြစ်သည့် Wundwin Township Revolution Force ( WTRF ) က ရှင်းလင်းလိုက်သည်။

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ သတင်းပေးအပြင် ဒေသတွင်း အခက်အခဲကြုံတွေ့နေရသည့် အမှုသည်နှင့် ပြည်သူများကို အာဏာသိမ်းစစ်တပ်၏ လက်အောက်ခံရဲတို့နှင့် ပူးပေါင်းပြီး ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ကို ရပ်တန့်ရန် သတိပေးခဲ့သော်လည်း ရပ်တန့်ခြင်းမရှိဘဲ သတင်းပေးခြင်း၊ ခြိမ်းခြောက်လုပ်စားခြင်းများ ပြုလုပ်နေ၍ ဟုဆိုကာ ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့ နံနက်ပိုင်းတွင် ရှင်းလင်းလိုက်ခြင်း ဖြစ်ကြောင်း ဝမ်းတွင်းမြို့နယ်ဒေသခံပြည်သူ့ကွယ်ရေးအင်အားစု ( WTRF ) က သတင်းထုတ်ပြန်ထားရှိသည်။

ဝမ်းတွင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ၏ သတင်းပေးခြင်း နှင့် အထောက်အပံ့ပြုလုပ်ပေးနေသူများကို WTRF က ပထမအဆင့်အနေဖြင့် သတိပေးမှုများ လုပ်ဆောင်လေ့ရှိပြီး သတိပေးမှုများအတိုင်း လိုက်နာခြင်းမရှိသူများကို ရှင်းလင်းလေ့ရှိပြီး ဆက်လက်၍လည်း ပြည်သူ့ဘက်က မရပ်တည်သူများကို သတိပေးခြင်း၊ ရှင်းလင်းခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားရှိသည်။