တကောင်းနီကယ်စက်ရုံ၏ ဓါတ်အားလိုင်း တိုင်(၃)တိုင်ကို ဒေသကာကွယ်ရေးနှစ်ဖွဲ့ပေါင်း၍ မိုင်းခွဲဖျက်ဆီး

တကောင်းနီကယ်စက်ရုံ၏ ဓါတ်အားလိုင်း တိုင်(၃)တိုင်ကို ဒေသကာကွယ်ရေးနှစ်ဖွဲ့ပေါင်း၍ မိုင်းခွဲဖျက်ဆီး
ဇန်နဝါရီ 7, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ တကောင်းနီကယ်စက်ရုံတွင် အာဏာသိမ်းစစ်တပ်နှင့်ရဲများကို လက်ခံနေသည့်အတွက် စက်ရုံကိုပို့လွှတ်နေသည့် ဓာတ်အားလိုင်းတိုင် (၃) တိုင်ကို ဖေါက်ခွဲဖျက်ဆီးလိုက်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၇) ရက်နေ့တွင်  Fox Army-HPDF က သတင်းထုတ်ပြန်သည်။ 

အဆိုပါ ဖေါက်ခွဲမှုကို Special.9-HPDF နှင့် Fox Army-HPDF တို့က ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး အနီးဝန်းကျင်တွင် ခြေနင်းမိုင်းနှင့် တိုက်မိုင်းများလည်း ထောင်ထားသည့်အတွက် အများပြည်သူအနေဖြင့် စက်ရုံအနီးသွားရောက်ခြင်းမပြုကြရန်ကိုလည်း  Fox Army - HPDF က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ နီကယ်တူးဖော်ထုတ်လုပ်ရေးစီမံကိန်းကို တရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီ CNICO (Myanmar CNMC Nikel) က ၂၀၀၈ ခုနှစ်မှ စတင်ကာ နှစ် ၂၀ လုပ်ကိုင်ခွင့်ဖြင့် တူးဖော်လုပ်ကိုင်နေခြင်းဖြစ်ပြီး မန္တလေးတိုင်း တကောင်းတောင်မှ တူးဖေါ်သည့် နီကယ်သတ္တုရိုင်းမြေစာများကို ပိုက်လိုင်းကြီးဖြင့် စစ်ကိုင်းတိုင်းရှိ ထီးချိုင့်မြို့နယ် တကောင်းနီကယ်စက်ရုံသို့ပို့၍ နီကယ်ထုတ်လုပ်နေသည့် လုပ်ငန်းဖြစ်သည်။