KNU ဒေသအတွင်း အာဏာသိမ်းတပ်၏ နယ်ကျော်တိုက်ခိုက်မှုကြောင့် ထွက်ပြေးရသည့် စစ်ဘေးရှောင်များကို ထိုင်းနိုင်ငံက ကူညီ

KNU ဒေသအတွင်း အာဏာသိမ်းတပ်၏ နယ်ကျော်တိုက်ခိုက်မှုကြောင့် ထွက်ပြေးရသည့် စစ်ဘေးရှောင်များကို ထိုင်းနိုင်ငံက ကူညီ
ဒီဇင်ဘာ 16, 2021 | နိုင်ငံတကာသတင်း

မြန်မာ - ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်အတွင်း KNU နယ်မြေကို အာဏာသိမ်းစစ်တပ်က  နယ်ကျော်တိုက်ခိုက်မှုကြောင့် ယမန်နေ့က စတင်သည့် တိုက်ပွဲများကြောင့် ထွက်ပြေးကြရသည့် ဒေသခံများကို ထိုင်းဘက်ခြမ်း နယ်စပ်တွင် ထိုင်းနိုင်ငံက လက်ခံပေးထားပြီး နယ်စပ်တလျှောက်ကိုလည်း လုံခြုံရေးတိုး၍ စစ်ဆေးမှုများလုပ်နေသည်ဟု သိရသည်။

စစ်ဘေးရှောင်လာရသူများကို လူ့အခွင့်အရေးအရ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးနိုင်ရေးအတွက် ထိုင်းစစ်တပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သည့်အဖွဲ့များက နယ်စပ်တလျှောက် လှည့်လည်စစ်ဆေး၍ ဆောင်ရွက်ပေးနေသည်ဟု သိရသည်။

အာဏာသိမ်းတပ်က မြဝတီမြို့တွင်း KNU နယ်မြေကို နယ်ကျော်၍ ယမန်နေ့ကတည်းက လက်နက်ကြီးများဖြင့်ပါ တိုက်ခိုက်နေပြီး ယနေ့တွင် အာဏာသိမ်းတပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်များ တစ်ဖက် ထိုင်းနိုင်ငံတွင်း ကျရောက်ပေါက်ကွဲ၍ စစ်ရှောင် သက်ကြီးရွယ်အိုတစ်ဦး ထိခိုက်သွားသည်ဟု  ထိုင်းရောက် စစ်ဘေးရှောင်များကို ကူညီပေးနေသူ AAC အဖွဲ့ မှ ဦးရဲမင်းကို ကိုးကား၍ D-Day Channel တွင် ဖေါ်ပြထားသည်ကိုလည်း တွေ့ရသည်။

#TachileikNewsAgency

Source: Mae Sot Media