ထိုင်း - ကမ္ဘောဒီးယားနယ်စပ်ဒေသရှိ ကာစီနိုရုံ မီးလောင်မှုအတွင်း သေဆုံးသူ (၂၇)ဦးမှာ ထိုင်းနိုင်ငံသားများ ဖြစ်နေ

ထိုင်း - ကမ္ဘောဒီးယားနယ်စပ်ဒေသရှိ ကာစီနိုရုံ မီးလောင်မှုအတွင်း သေဆုံးသူ (၂၇)ဦးမှာ ထိုင်းနိုင်ငံသားများ ဖြစ်နေ
ဒီဇင်ဘာ 31, 2022 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်း - ကမ္ဘောဒီးယားနယ်စပ်ဒေသ  ကမ္ဘောဒီးယားနိုင်ငံ Poipet မြို့တွင် ထိုင်းတရားခံပြေးဖွင့်လှစ်ထားသည့် Grand Diamond City Hotel and Casino ကာစီနိုလောင်းကစားရုံအတွင်း မီးလောင်မှုကြောင့် သေဆုံးသူအားလုံးမှာ ထိုင်းနိုင်ငံသားများဖြစ်နေကြောင်း  သိရသည်။

၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့၏ ဒေသစံတော်ချိန် ည (၁၁) နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့သည့် အဆိုပါ မီးလောင်မှုအတွင်း ဒီဇင်ဘာလ(၂၉)ရက်နေ့အထိ စာရင်းများအရ သေဆုံးသူမှာ (၁၉)ဦးသာရှိခဲ့သော်လည်း ဒီဇင်ဘာလ(၃၀)ရက်နေ့ မွန်းလွဲ (၃)နာရီအထိ ထပ်တိုး စာရင်းအရ သေဆုံးသူများမှာ (၂၇)ဦးအထိ မြင့်တက်လာကြောင်း သိရသည်။

 ကာစီနိုရုံ မီးလောင်မှုအတွင်း သေဆုံးခဲ့သူ ထိုင်းနိုင်ငံသား (၂၇) ဦးအနက် (၁၀) ဦး၏ ရုပ်အလောင်းများကို နယ်စပ်မြို့ Aranyaprathet သို့ ပြန်လည် သယ်ဆောင်လာခဲ့ပြီး ဖြစ်သည်။ 

ထိုင်းနိုင်ငံ ဆာခေါ  ပြည်နယ်၏ လက်ထောက်အုပ်ချုပ်ရေးမှူး Chanathip Khokmanee က ကာစီနိုရုံ မီးလောင်မှုအတွင်း ထိုင်းနိုင်ငံသား (၂၇) ဦး သေဆုံးခဲ့သည်ဟု အတည်ပြု ပြောကြောင်း JorSor 100 နှင့် INN News တို့က ဖော်ပြသည်။

သေဆုံးခဲ့သူများ အနက် (၂၆) ဦးမှာ ကမ္ဘောဒီးယားနိုင်ငံဘက်အခြမ်း Poipet မြို့တွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး နောက်တစ်ဦးမှာ ထိုင်းနိုင်ငံ Aranyaprathet မြို့သို့ ပို့ဆောင်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း ၎င်းကပြောသည်။ 

ထိုင်းနိုင်ငံ ဆာခေါ ပြည်နယ်အတွင်းရှိ ဆေးရုံများတွင် ကာစီနိုရုံ မီးလောင်မှုအတွင်း မီးလောင်ဒဏ်ရာများ၊ အရိုးကျိုးဒဏ်ရာများနှင့် မီးခိုးကြောင့် အသက်ရှူ မွန်းကျပ်ခဲ့သူ စုစုပေါင်း (၁၁၂) ဦးကို ကုသပေးနေကြောင်း သိရသည်။ 

မီးလောင်မှုဖြစ်ပွားခဲ့သည့် ကာစီနိုရုံအတွင်း နောက်ထပ် အလောင်းများ ထပ်တွေ့နိုင်သေးကြောင်း ထိုင်းနှင့်ကမ္ဘောဒီးယား အာဏာပိုင်များက ခန့်မှန်းထားသည်။

မီးလောင်မှု အပျက်အစီးအတွင်း အလောင်း (၂၀) ခန့်ရှိ နေဆဲဖြစ်မည်ဟု ယူဆထားကြသည်။ 

တရားခံပြေး ထိုင်းနိုင်ငံရေးသမား Vatana Asavahame ပိုင်ဆိုင်သည့် အဆိုပါ ကာစီနိုရုံမှာ နယ်စပ်မှ မီတာ (၂၀၀) မျှအကွာတွင် တည်ရှိသည်။ 

ဟိုတယ်နှင့်ကာစီနို ဖွင့်လှစ်ထားသည့် ထိုအဆောက်အအုံမှာ အထပ် (၁၇) ထပ်ရှိပြီး ပထမ အထပ် (၃) ထပ်တွင် ကာစီနိုရုံများ ဖွင့်လှစ်ထားပြီး ဟိုတယ်အခန်း (၁၀၀) ခန့်ရှိကြောင်း ထိုင်းနိုင်ငံသား အများအပြား အလုပ်လုပ်ကိုင်နေကြကြောင်း ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ပြောသည်။

ကာစီနိုပိုင်ရှင် Vatana မှာ ထိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းတစ်ဦးဖြစ်ပြီး Klong Dan ရေဆိုးသန့်စင်မှုလုပ်ငန်း အရှုပ်အထွေးတွင် ပါဝင်ပတ်သက်မှုဖြင့် ပြစ်ဒဏ်ချမှတ်မခံရမီ ၂၀၀၈ ခုနှစ်က နိုင်ငံမှ ထွက်ပြေးသွားခဲ့သူ ဖြစ်သည်။

 Klong Dan ရေးဆိုးသန့်စင်မှုလုပ်ငန်း အရှုပ်အထွေးမှာ ထိုင်းနိုင်ငံ၏ သမိုင်းတစ်လျှောက် အကြီးမားဆုံး အဂတိလိုက်စားမှုတစ်ခုဟု ဆိုသည်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသ Poipet မြို့ရှိ ကာစီနိုရုံများသို့ ကာလတို အလည်အပတ်ခရီးထွက်ကြသည့် ထိုင်းနိုင်ငံသားများ ပုံမှန်လာရောက်လေ့ရှိကြသည်။ 

ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးအတွက် အရေးပါသည့် ခရီးသွားလုပ်ငန်းတွင် အဓိက အစိတ်အပိုင်းအဖြစ် ပါဝင်နေသော ကာစီနိုရုံများကို ဖနွမ်းပင်မြို့တော်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့နှင့် နယ်စပ်များတွင် ဖွင့်လှစ်ထားပြီး ကာစီနိုလောင်းကစားကို တားမြစ်ပိတ်ပင်ထားသော အာရှနိုင်ငံများမှ ဧည့်သည်များ အဓိက လာရောက်လေ့ရှိကြသည်။

Source: Bangkok Post, Reuters

Photo: REUTERS/Athit Perawongmetha, AP