COVID-19 ကြောင့် ကလေးမွေးဖွားမှုနှင့် အိမ်ထောင်ပြုမှု လျော့နည်းသွားဟု တရုတ်ပြော

Photo: cnsphoto
Photo: cnsphoto
COVID-19 ကြောင့် ကလေးမွေးဖွားမှုနှင့် အိမ်ထောင်ပြုမှု လျော့နည်းသွားဟု တရုတ်ပြော
By Mr John

တရုတ်နိုင်ငံတွင် COVID-19 ကြောင့် အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားနှုန်း ကျဆင်းစေခဲ့ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ပြောသည်။ 

အမျိုးသမီး အများအပြားမှာ  အိမ်ထောင်ပြုရန် သို့မဟုတ် ကလေးမွေးရန် ၎င်းတို့၏ အစီအစဥ်များကို ဆက်လက် ရွှေ့ဆိုင်းထားကြပြီး စီးပွားရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးတက်မှု လျင်မြန်မှုကလည်း အပြောင်းအလဲများဖြစ်စေသည်ဟု ဆိုသည်။

ငယ်ရွယ်သူများက မြို့ပြများသို့ ရွှေ့ပြောင်းနေထိုင်ကြပြီး ပညာရေးနှင့် ဖိအားများသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကြခြင်းကလည်း ၎င်းတို့၏ လူနေမှုဘဝကို ပြောင်းလဲစေသည်ဟု ကျန်းမာရေးကော်မရှင်က ဖြည့်စွက်ပြောသည်။ 

လူဦးရေဆိုင်ရာ ကျွမ်းကျင်သူများကလည်း တရုတ်နိုင်ငံ၏ အလျှော့မပေးစတမ်း "zero-COVID" မူဝါဒအရ ကူးစက်မှုတွေ့ရသည့် နေရာများကို တင်းကျပ်သည့် ကန့်သတ်ချက်များ သတ်မှတ်ဆောင်ရွက်ရာ လူနေမှုဘဝကို အကြီးအကျယ် ပြောင်းလဲစေပြီး ကလေးယူလိုစိတ်ကို လျော့နည်းစေသည်ဟု ထောက်ပြကြသည်။

"ကိုရိုနာဗိုင်းရပ်စ်ကလည်း လူတချို့ရဲ့ အိမ်ထောင်ပြုဖို့နဲ့ ကလေးယူဖို့ အစီအစဥ်တွေအပေါ် ထင်ရှားတဲ့ သက်ရောက်မှုရှိပါတယ်" ဟု ကျန်းမာရေးကော်မရှင်က ဆိုသည်။ 

Reuters သတင်းဌာနက ထိုအကြောင်းအရာနှင့် ပတ်သက်၍ မေးမြန်းမှုကို တရုတ်ကျန်းမာရေးကော်မရှင်က ဩဂုတ်လ (၂၂) ရက်နေ့တွင် ဖက်စ်ပို့ပြီး မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံတွင် ကလေးမွေးဖွားနှုန်းမှာ ယခုနှစ်အတွင်း စံချိန်တင်လျော့ကျခဲ့ကြောင်း လူဦးရေဆိုင်ရာ ကျွမ်းကျင်သူများက ပြောသည်။ 

ယမန်နှစ်က ကလေး (၁၀.၆) သန်း မွေးဖွားခဲ့မှုနှင့် နှိုင်းယှဥ်ပါက ယခုနှစ်တွင် ကလေးမွေးဖွားမှု (၁၀) သန်းအောက် ကျဆင်းမည်ဟု ခန့်မှန်းထားသည်။ 

တရုတ်တွင် ၂၀၂၁ ခုနှစ်က မွေးဖွားနှုန်း (၁.၁၆) ရှိခဲ့ပြီး ကမ္ဘာတဝန်း မွေးဖွားနှုန်းအနိမ့်ဆုံးနိုင်ငံများတွင် ပါဝင်သည်။

တရုတ်အစိုးရက ၁၉၈၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကလေးတစ်ဦးသာယူရမည့် မူဝါဒကို ကျင့်သုံးခဲ့ပြီး လူဦးရေကျဆင်းနေကြောင်း အသိအမှတ်ပြုထားသည်။ 

လူဦးရေကျဆင်းမှုက သက်ကြီးရွယ်အိုများအတွက် ငွေကြေးအကုန်အကျခံရန်နှင့် ပြုစုစောင့်ရှောက်ရန် နိုင်ငံ၏ စွမ်းဆောင်နိုင်မှုကို စမ်းသပ်လိမ့်မည့် ဖြစ်နိုင်ခြေရှိသော အကျပ်အတည်းတစ်ခုဟု ဆိုသည်။

ထိုပြဿနာကို ဖြေရှင်းရန် နိုင်ငံအဆင့်နှင့် ပြည်နယ်အဆင့် တရုတ်အာဏာပိုင်များက အခွန်သက်သာခွင့်၊ ပိုမိုရှည်ကြာသည့် မီးဖွားခွင့်၊ ကျန်းမာရေးအာမခံ၊ တန်ဖိုးနည်းအိမ်ရာများနှင့် တတိယကလေးအတွက် အပိုငွေထောက်ပံ့ခြင်းတို့ကဲ့သို့ အစီအမံများဖြင့် ဆောင်ရွက်နေခဲ့ကြကြောင်း သိရသည်။