ကျောက်မဲမြို့တွင် ယမန်နေ့က ပစ်ခတ်ဖမ်းဆီးပြီး စစ်ကြောရေးခေါ်သွားသည့် လူငယ်နှစ်ဦး ယနေ့တွင် စိုးရိမ်ရသည့် အခြေအနေဖြင့် ကျောက်မဲဆေးရုံတွင် ရောက်နေ

ကျောက်မဲမြို့တွင် ယမန်နေ့က ပစ်ခတ်ဖမ်းဆီးပြီး စစ်ကြောရေးခေါ်သွားသည့် လူငယ်နှစ်ဦး ယနေ့တွင် စိုးရိမ်ရသည့် အခြေအနေဖြင့် ကျောက်မဲဆေးရုံတွင် ရောက်နေ
ဒီဇင်ဘာ 12, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ယမန်နေ့က အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့် ရဲအဖွဲ့က ပစ်ခတ်ဖမ်းဆီးပြီး စစ်ကြောရေးခေါ်သွားခံရသည့်  လူငယ် (၂) ဦးကို ကျောက်မဲဆေးရုံသို့ စိုးရိမ်ရသည့်အခြေအနေဖြင့် ညတွင်းချင်း ရောက်လာကြောင်း သိရသည်။

နှစ်ယောက်လုံးက ရိုက်နှက်စစ်ဆေးခံရလို့ ဆေးရုံကိုရောက်နေတယ်။ အခြေအနေ မကောင်းဘူး။ သူတို့နဲ့ပတ်သက်တဲ့သူတွေရှိနေမယ်ဆိုပြီး စရဖနဲ့ စစ်တပ်က လိုက်ရှာနေတယ်

ဟု ယုံကြည်ရသည့်သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် ပြောသည်။

ယမန်နေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့က ပညာရေးမှူးရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လမ်းတွင် ဆိုင်ကယ်စီးလာသည့် လူငယ် (၂) ဦးကို အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲက ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဆိုင်ကယ်စီးလာသူနှစ်ဦးအနက် အသက် (၃၅) နှစ်အရွယ် အငယ်လေး(ခ)ကိုသားငယ်သည် သေနတ်မှန်ဒဏ်ရာများရရှိခဲ့ပြီး ၎င်းနှင့်အတူ ဆိုင်ကယ်စီးလာသူ အသက် (၁၈)နှစ်အရွယ် ဝိုင်းဝိုင်းမှာလည်း ရိုက်နှက်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ လူငယ် (၂) ဦးကို ကျောက်မဲမြို့အဝင် အမှတ်( ၃၅၂ ) အမြောက်တပ်ရှေ့ရှိ စရဖစခန်းတွင် စစ်ကြောရေးလုပ်စဉ် ရိုက်နှက်မှုများကြောင့် ဒဏ်ရာအပြင်းအထန်ရသွားကာ စိုးရိမ်ရသည့်အခြေအနေများဖြင့် ဆေးရုံသို့ ဒီဇင်ဘာလ (၁၁) ရက်နေ့ညမှာပင်ပို့ဆောင်လာပြီး ဆေးရုံဝန်းကျင်ကို အာဏာသိမ်းတပ်နှင့် ရဲတို့က ကင်းချထားကြောင်း သိရသည်။

 အဆိုပါ လူငယ် (၂) ဦး၏နေအိမ်များကိုလည်း ဝင်ရောက်ရှာဖွေရာ မသင်္ကာဖွယ်မည်သည့်ပစ္စည်းကိုမှ တွေ့ရှိခဲ့ခြင်းမရှိကြောင်း သိရပြီး စစ်တပ်နှင့်စရဖက ၎င်းတို့မသင်္ကာသူများကို လိုက်လံရှာဖွေနေသည်ဟုလည်း သိရသည်။

ဆက်စပ်သတင်း

ကျောက်မဲပညာရေးမှူးရုံး ပေါက်ကွဲမှုဖြစ်ပြီးနောက် လမ်းပေါ်ဆိုင်ကယ်စီးသွားသည့် လူငယ် (၂)ဦးကို အာဏာသိမ်း စစ်ကောင်စီအဖွဲ့က ပစ်ခတ်ဖမ်းဆီး