မူဆယ်နှင့် ကွတ်ခိုင်တွင် တိုက်ပွဲများဆက်ဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများကို TNLA သိမ်းဆည်းရရှိ 

မူဆယ်နှင့် ကွတ်ခိုင်တွင် တိုက်ပွဲများဆက်ဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများကို TNLA သိမ်းဆည်းရရှိ 
စက်တင်ဘာ 23, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ယမန်နေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့က တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း TNLA ထံမှ သိရသည်။

မူဆယ်မြို့နယ် ဆိုင်ခေါင်ရွာအနီးတွင်တစ်ကြိမ် ဟိုပေါ်ရွာအနီးတွင်တစ်ကြိမ် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ တပ်မ(၉၉)၊ ခြေမြန်တပ်ရင်း (၄၁၉)၊ လုံထန်ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် TNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

နေ့လယ်ပိုင်းတွင်လည်း ကွတ်ခိုင်မြို့နယ်ရှိ TNLAရှိရာ ကောင်မူရာအနီးသို့ စစ်ကောင်စီတပ် စက‌ခ(၁၇)၊ ခြေမြန်ရင်း(၅၇၄)၊ (၅၇၇) ရမခ/ခြေလျှင်ရင်း(၄၅)နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ ထိုးစစ်ဆင်လာရာ TNLA နှင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ဒရုန်းဖြင့် (၄)ကြိမ် လာရောက်တိုက်ခိုက်ခဲ့သည့်အပြင် Mi 35လေယာဉ်ဖြင့် (၂)ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် လွယ်ကီလောက်တပ်စခန်းနှင့် နမ့်ဖက်ကာတပ်စခန်းမှ တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် နာထန်ရွာ၊ မန်ကန်ရွာ၊ ခိုမုန်းရွာနှင့် ဟိုပေါ်ရွာအနီးသို့ လက်နက်ကြီးဖြင့် အကြိမ်(၅၀)ကျော် ပစ်ခတ်ခဲ့သည်ဟုလည်း သိရသည်။ 

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးသူများကာ ၎င်းတို့၏ သေနတ်(၃)လက်၊ လက်ထောက်(၂)လက်၊ ၆၀ မမ (၆)လုံး၊ ဗုံးသီးအပြင် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင် ပစ္စည်းများအား TNLAက သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်နှင့် TNLA တို့အကြား ပြီးခဲ့သည့် ဇူလိုင်လ (၂၃)ရက်နေ့မှ စက်တင်ဘာလ (၂၂)ရက်နေ့အထိ တိုက်ပွဲပေါင်း(၅၅)ကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : TNLA သတင်းနှင့် ပြန်ကြားရေး