စစ်ကောင်စီတပ်စခန်း ၄ ခုကို TNLA ယနေ့ထပ်သိမ်း

စစ်ကောင်စီတပ်စခန်း ၄ ခုကို TNLA ယနေ့ထပ်သိမ်း
အောက်တိုဘာ 31, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီ၊ လားရှိုး၊ နမ့်ခမ်းနှင့် မူဆယ်မြို့နယ်တို့ရှိ စစ်ကောင်စီ တပ်စခန်း(၄)ခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယနေ့ အောက်တိုဘာလ (၃၁)ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်(၄)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လားရှိုးနှင့် သိန္နီမြို့နယ်ကြားရှိ စစ်ကောင်စီ၏ မိုင်းပါးတပ်စခန်းကို ယနေ့ နံနက်ပိုင်းတွင် TNLAက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဟတ်ယိုင်(ဟဲယိုင်)တပ်စခန်းကို ယနေ့ နေ့လယ်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ ကံကော်တောင်တပ်စခန်းနှင့် မူဆယ်မြို့နယ် (၁၀၅)မိုင်ရှိ စစ်ကောင်စီနှင့် ပူးပေါင်း ပ.သ.စ တပ်စခန်း(၄၅၆၁)ကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလ (၂၇)ရက်နေ့က ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ ရူခင်းသာတပ်စခန်းကို တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာလ (၃၁)ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟုလည်း ဆိုသည်။ 

လားရှိုးမြို့နယ်ရှိ မိုင်းကျက်တပ်စခန်းကို ယနေ့ (၅)ရက်မြောက်နေ့အဖြစ် ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က လေ ကြောင်းတိုက်ခိုက်မှုအဖြစ် တိုက်လေယာဉ်ဖြင့် (၈)ကြိမ်၊ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် (၄)ကြိမ် လာရောက်ပစ်ကူ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ကျောက်မဲမြို့နယ်ဘက်တွင်လည်း  စစ်ကောင်စီဘက်က ကျောက်မဲမှနေ၍ (၁၂၀)၊ (၁၀၅)မမ လက်နက်ကြီးများဖြင့် ပန်စံကျေးရွာဘက်သို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : News & Information Department