ကျောက်မဲပညာရေးမှူးရုံး ပေါက်ကွဲမှုဖြစ်ပြီးနောက် လမ်းပေါ်ဆိုင်ကယ်စီးသွားသည့် လူငယ် (၂)ဦးကို အာဏာသိမ်း စစ်ကောင်စီအဖွဲ့က ပစ်ခတ်ဖမ်းဆီး

ကျောက်မဲပညာရေးမှူးရုံး ပေါက်ကွဲမှုဖြစ်ပြီးနောက် လမ်းပေါ်ဆိုင်ကယ်စီးသွားသည့် လူငယ် (၂)ဦးကို အာဏာသိမ်း စစ်ကောင်စီအဖွဲ့က ပစ်ခတ်ဖမ်းဆီး
ဒီဇင်ဘာ 11, 2021 | ရှမ်းမြောက်

 ရှမ်းပြည်နယ် (​မြောက်ပိုင်း ) ​ကျောက်မဲမြို့ အမှတ် (၇) ရပ်ကွက်​၊ မြောက်ကုန်းရပ်ရှိ မြို့နယ်ပညာ​ရေးမှူးရုံးတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက် နံနက်ပိုင်းက ပေါက်ကွဲမှုအသေးစား ဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်ကောင်စီ၏ စစ်သားနှင့်ရဲများက အမှတ် (၆) ရပ်ကွက် လမ်းပေါ်တွင် ဆိုင်ကယ်စီးသွားသည့် လူငယ် (၂) ဦးကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးသွားကြောင်း သိရသည်။

သေနတ်နဲ့ပစ်လို့  တစ်ယောက်က ရေချောင်းထဲပြုတ်ကျသွားတာ။ သူတို့ ၂ ယောက်လုံးကို ဖမ်းခေါ်သွားတယ်

ဟု မျက်မြင်တွေ့ရသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အမှတ် (၆) ရပ်ကွက်လမ်းတွင် ဆိုင်ကယ်စီးလာသည့် လူငယ် (၂) ဦးအား စစ်ကောင်စီနှင့်  ရဲတပ်ဖွဲ့တိုက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ လူငယ်တစ်ဦးမှာ သေနတ်မှန်ကာ ရေချောင်းအတွင်းပြုတ်ကျခဲ့ပြီး ကျန်တစ်ဦးကိုလည်း ရိုက်နှက်ကာ နှစ်ဦးလုံးကို ဖမ်းခေါ်သွားကြောင်း သိရသည်။

လူ​တွေ​တော့ မထိဘူး။ ရုံးမှန်တစ်ချို့ကွဲတယ်။ ရုံးထဲရှိ​နေသူ​တွေ နား​တွေအူသွားတယ်လို့ သိရတယ်။ ပေါက်ကွဲမှုဖြစ်ပြီး ခဏနေ​တော့ ​သေနတ်သံ (၄)  ချက်​လောက် တခြားတ​နေရာက​နေ ကြားရတယ်

ဟု ​ဒေသခံတဦးက​ ပြောသည်။

​မြို့တွင်း အမှတ် (၇) ရပ်ကွက်မှ ပညာရေးမှူးရုံး ပေါက်ကွဲမှုဖြစ်ပြီးနောက် ​အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲများက မြို့တွင်း၌ တားမြစ်စစ်ဆေးမှုများလုပ်သည့်အပြင် ကျောက်မဲ-လားရှိုးလမ်းပိုင်းရှိ ကျောက်မဲတိုးဂိတ်တွင်လည်း အင်အားအများအပြားဖြင့် စောင့်ကြပ်စစ်ဆေးနေသည်ဟု သိရသည်။