ရန်ကုန်ဆန္ဒပြပြည်သူများအား ကားဖြင့်တိုက်သတ်၊ သေနတ်ဖြင့်ပစ်သတ်သည့် အာဏာသိမ်းအဖွဲ့ကို ပြင်းပြင်းထန်ထန်လက်တုန့်ပြန်မည်

ရန်ကုန်တွင် ဆန္ဒပြသူများကို ဒီဇင်ဘာ ၅ ရက်နေ့ နံနက်က အာဏာသိမ်းစစ်တပ် ကားဖြင့်ဝင်တိုက်ဖြိုခွင်းစဉ်
ရန်ကုန်တွင် ဆန္ဒပြသူများကို ဒီဇင်ဘာ ၅ ရက်နေ့ နံနက်က အာဏာသိမ်းစစ်တပ် ကားဖြင့်ဝင်တိုက်ဖြိုခွင်းစဉ်
ရန်ကုန်ဆန္ဒပြပြည်သူများအား ကားဖြင့်တိုက်သတ်၊ သေနတ်ဖြင့်ပစ်သတ်သည့် အာဏာသိမ်းအဖွဲ့ကို ပြင်းပြင်းထန်ထန်လက်တုန့်ပြန်မည်
By Tachileik News Agency

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်တွင် ဆန္ဒပြပြည်သူများအား နောက်မှကားဖြင့် အရှိန်ပြင်းပြင်းဝင်တိုက်ကာ သေနတ်ဖြင့် ပစ်သတ်ဖြိုခွင်းမှုဖြစ်စဉ်အတွက် ပြင်းပြင်းထန်ထန် လက်တုန့်ပြန်ပြီး တော်လှန်ရေးအရှိန်မြှင့်တင်မည်ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

" ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည့် လက်နက်မပါသော အပြစ်မဲ့ ပြည်သူများအပေါ်  လူမဆန်ဘဲ ရက်စက်ယုတ်မာစွာ သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြပြီး ယင်းဖြစ်စဉ်ကို အမိန့်ပေးညွှန်ကြားခိုင်း စေခဲ့သည့် အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့၏လက်ပါးစေအားလုံးကို ပြင်းပြင်းထန်ထန် လက်တုန့်ပြန် သွားမည်ဖြစ်ကြောင်းနှင့် တော်လှန်ရေးအရှိန်အား ယခုထက် ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်"

ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းပေါ်တွင် ယနေ့ နံနက် (၈) နာရီ ဝန်းကျင်က စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြ ချီတက်လာသော လူငယ်များကို အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်က အနောက်မှ ကားဖြင့် အရှိန်ပြင်းစွာဝင်တိုက်ပြီး လမ်းမပေါ်တွင် ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။

ကားဖြင့်တိုက်သတ်၊ သေနတ်ဖြင့်ပစ်ခတ်၍ လူငယ် (၄)ဦးထက်မနည်း ကျဆုံးခဲ့ရပြီး  ထိခိုက်ဒဏ်ရာဖြင့် ဖမ်းဆီးခံရသူများကိုလည်း ဆေးကုသခွင့်မပေးဘဲ  စစ်ကြောရေးစခန်းများသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

နိုင်ငံ့အာဏာသိမ်းထားသည့် အာဏာသိမ်းအဖွဲ့က ၎င်းတို့အား ဆန့်ကျင်သူများ၊ ဆန့်ကျင်သည်ဟု ၎င်းတို့သံသယရှိသူများအား အကြမ်းဖက်နှိမ်နှင်းခြင်းကို အာဏာသိမ်းပြီးချိန်ကတည်းက တောက်လျှောက်လုပ်ဆောင်လာပြီး ၎င်းတို့၏သတ်ဖြတ်မှုကြောင့် ထောင်နှင့်ချီသော ပြည်သူများ သေဆုံးခဲ့ရပြီး သိန်းနှင့်ချီသော ပြည်သူများ အကြောင်းအမျိုးမျိုးဖြင့် တိမ်းရှောင်နေကြရခြင်းဖြစ်သည်။