ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့  ရွာများသို့ လှည့်လည်စစ်ကြောင်းထိုးနေသဖြင့် ဒေသခံထောင်ချီ ထွက်ပြေးရကာ ၃ ဦး ဖမ်းဆီးခံထားရ

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့  ရွာများသို့ လှည့်လည်စစ်ကြောင်းထိုးနေသဖြင့် ဒေသခံထောင်ချီ ထွက်ပြေးရကာ ၃ ဦး ဖမ်းဆီးခံထားရ
အောက်တိုဘာ 7, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ အင်အား(၁၀၀)ကျော်နှင့် နှစ်ပတ်ကြာ စစ်ကြောင်းထိုးနေသဖြင့် ‌ဒေသခံထောင်ချီ ထွက်ပြေးနေရပြီး အရပ်သား(၃)ဦးလည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများသည် အင်အား(၁၂၀)ဝန်းကျင်ဖြင့် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၅)ရက်နေ့မှ ယနေ့ အောက်တိုဘာလ (၇)ရက်နေ့အထိ စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ(၁၀)ရွာမှ ဒေသခံထောင်ချီ တိမ်းရှောင်နေရကာ အသက်မပြည့်သေးသည့် ကလေးငယ်အပါအဝင် (၃)ဦးလည်း ဖမ်းဆီးခံထားရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ (၂၅)ရက် နံနက်ပိုင်းက ဇီးကုန်းသကြားစက်အထိုင်မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ခြေမြန်တပ်ရင်း (၃၆၁)နှင့် ပျူစောထီးများသည် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းရှိ ငှက်ပျောတိုင်းရွာသစ် လျှပ်စစ်ဓာတ်အားပေးရုံအတွင်း၌ တပ်စွဲပြီးနောက် စက်တင်ဘာလ (၂၇)ရက်နှင့် (၂၈)ရက်တို့တွင် သီရိမွန်ရွာ၌ ထပ်မံတပ်စွဲခဲ့သည်ဟု သိရသည်။

ထို့နောက် စက်တင်ဘာလ (၂၉)ရက်တွင် ငှက်ပျောတိုင်းရွာသစ် လျှပ်စစ်ဓာတ်အားပေးရုံတွင် ပြန်လည်တပ်စွဲကာ အောက်တိုဘာလ (၂)ရက်နေ့တွင် ပျူစောထီးအင်အား (၈၀)ခန့် ထပ်မံဖြည့်တင်း၍ စစ်ကြောင်းထိုးပြီး ကျေးရွာများအတွင်းမှ ပြည်သူပိုင် ပစ္စည်းများအား ယူဆောင်သွားသည်ဟု သိရသည်။

ယင်းစစ်ကြောင်းသည် အောက်တိုဘာလ (၅)ရက်နေ့တွင် လျှပ်စစ်ဓာတ်အားပေးရုံး၌ အင်အား(၈၀)ခန့် နောက်ချန်အထိုင်အဖြစ်ထားကာ ကျန်အင်အားဖြင့် ဗျူဟာလမ်း အနောက်ခြမ်းရှိ ကျေးပင်အက်၊ ရွာမနှင့် အင်းလယ်ကြီးရွာတို့အား ဆက်တိုက်စစ်ကြောင်းထိုးကာ အောက်တိုဘာလ (၆)ရက်နေ့တွင် အင်းလယ်ကြီးရွာမှ အသက်(၁၅)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသား(၃)ဦးကို ဖမ်းဆီးသွားသည်ဟု သိရသည်။

အဆိုပါ စစ်ကြောင်းမှာ ယင်းနေ့ ညနေပိုင်းတွင် အင်းလယ်ကြီးမှထွက်ကာ ကန့်ဘလူ (၆၀၀၆)အမြောက်တပ်ရင်းသို့ ပြန်လည်ဝင်ရောက်သွားပြီး ဖမ်းဆီးခံထားရသူများမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဟု သိရသည်။

ယင်းစစ်ကြောင်းကြောင့် ငှက်ပျောတိုင်း၊ ခအုံးတာ၊ ကျေးပင်အက်၊ အင်းလယ်ကြီး၊ ရွာမ၊ ရွာသစ်၊ မြသဇင်၊ ပေကြီး၊ မြိုင်သာယာနှင့် လေးလှ စသည့် ကျေးရွာများမှ ဒေသခံများ ရွာမပြန်နိုင်သေးဘဲ ဘေးလွတ်ရာတွင် စစ်ရှောင်နေကြရဆဲဖြစ်ကာ စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo : ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့