နိုင်ငံတော်အာဏာသိမ်းခံရသည့် ကာလအတွင်း ပြည်တွင်း လောင်စာဆီဈေးနှုန်း တက်လာ

နိုင်ငံတော်အာဏာသိမ်းခံရသည့် ကာလအတွင်း ပြည်တွင်း လောင်စာဆီဈေးနှုန်း တက်လာ
ဖေဖော်ဝါရီ 20, 2021 | နိုင်ငံရေး| စီးပွားရေး

မြန်မာနိုင်ငံတွင် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းထားသည့် ရက်ပေါင်း (၂၀) အတွင်း လေယာဉ်ဆီများ တင်သွင်းနေသည့် ကုမ္ပဏီက ဆီတင်သွင်းမှု ရပ်ဆိုင်းခြင်းအပြင် နိုင်ငံတွင်း စက်သုံးဆီတင်သွင်းမှုများ ရပ်ဆိုင်းနေပြီး ရှမ်းအရှေ့တွင်လည်း ထိုင်းနယ်စပ်မှ တင်သွင်းနေသည့် ဆီဈေးနှုန်း တက်လာသည်ဟု သိရသည်။

ပြည်တွင်းမှာတော့ ဆီတင်သွင်းမှု ရပ်ဆိုင်းတယ်ဆိုတာမျိုးတော့ သတင်းတွေကြားရပေမဲ့ ကျွန်တော့်အနေနဲ့တော့ အတည်ပြုလို့ မရဘူး။ ဒါပေမဲ့ ဒီဘက်မှာတော့ ဒီကာလအတွင်း ဟိုဘက်ကနေ ဆီဈေးတက်တာ (၂) ကြိမ်ရှိသွားပြီ

ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်မှ ဆီတင်သွင်းနေသည့် လုပ်ငန်းရှင်တစ်ဦးက ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့၌ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နိုင်ငံတော်အာဏာသိမ်းခံရသည့် ကာလအတွင်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာကာ ဘဏ်လုပ်ငန်းများနှင့် အစိုးရရုံးများ ပုံမှန်လည်ပတ်နိုင်ခြင်း မရှိသဖြင့် လောင်စာဆီ တင်သွင်းမှုလည်း ရပ်တန့်နေပြီဖြစ်ကြောင်း စက်မှုလုပ်ငန်းသတင်းရင်းမြစ် (၅) နေရာကို ကိုးကား၍ ရိုက်တာသတင်းတွင်လည်း ဖေါ်ပြထားသည်။

နိုင်ငံတွင်း သုံးစွဲနေသည့် လောင်စာဆီ၏ (၉၈) ရာခိုင်နှုန်းမှာ ပြည်ပမှ တင်သွင်းမှုအပေါ် မှီတည်နေရခြင်းဖြစ်ပြီး လက်ရှိအနေအထားကြောင့် လောင်စာဆီ ဝင်ရောက်မှု နည်းလာရာ နှစ်လအတွင်း လောင်စာဆီ အခက်အခဲနှင့် ကြုံရဖွယ်ရှိသည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ခန့်မှန်းပြောကြားချက်ကို ရိုက်တာသတင်း၌ ဖေါ်ပြထားသည်။

နိုင်ငံတော်အာဏာ သိမ်းခံရပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာရာ ပြည်တွင်း စက်သုံးဆီဈေးနှုန်းမှာလည်း မြင့်တက်သွားခြင်းဖြစ်သည်။

စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းလိုက်သဖြင့် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများအား CDM လှုပ်ရှားမှုများ ဆောင်ရွက်လာရာ ဘဏ်လုပ်ငန်းများအပါအဝင် လုပ်ငန်းလည်ပတ်မှုများ ရပ်ဆိုင်းနေသဖြင့် သွင်းကုန်လုပ်ငန်းများအတွက်လည်း အခက်အခဲဖြစ်နေရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် လေယာဉ်ဆီတင်သွင်းနေသည့် PUMA Energy နှင့် PetroChina ၏ Singapore Petroleum Company တို့က လောင်စာဆီတင်သွင်းမှုကို စစ်အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းထားပြီး ယခုရက်ပိုင်းအတွင်း ဆီတင်သင်္ဘောများလည်း ဆိုက်ကပ်လာခြင်းမရှိကြောင်း ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ သိရသည်။

Tachileik News Agency