မြောင်မြို့နယ် တော်လှန်ရေးတပ်၏ ဌာနချုပ်စခန်းကို လာတိုက်သည့် စစ်ကောင်စီတပ်သားများ စခန်းအတွင်း ထောင်ထားခဲ့သည့် မိုင်းကြောင့် (၃)ဦးသေဆုံးကာ (၁၀)ဦးအထက် ဒဏ်ရာရသွား

Photo: Myaung Revolution Army
Photo: Myaung Revolution Army
မြောင်မြို့နယ် တော်လှန်ရေးတပ်၏ ဌာနချုပ်စခန်းကို လာတိုက်သည့် စစ်ကောင်စီတပ်သားများ စခန်းအတွင်း ထောင်ထားခဲ့သည့် မိုင်းကြောင့် (၃)ဦးသေဆုံးကာ (၁၀)ဦးအထက် ဒဏ်ရာရသွား

 စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ Myaung Revolution Army (MRA) ဌာနချုပ်စခန်းကို အင်အား(၁၀၀)ကျော်ဖြင့် မေလ(၁)ရက်နေ့က ဝင်ရောက်စီးနင်းသည့် အာဏာသိမ်းစစ်ကောင်စီတပ် သေဆုံး၊ ဒဏ်ရာရမှုများစွာဖြင့် ထွက်ပြေးသွားရကြောင်း ယနေ့‌ မေလ(၂)ရက်နေ့တွင် မြောင်မြို့နယ် တော်လှန်ရေးတပ် - Myaung Revolution Army - MRA က ထုတ်ပြန်သည်။

မေ(၁)ရက်နေ့ နံနက် (၇)နာရီဝန်းကျင်က စစ်ကောင်စီတပ်သားများနှင့် ရဲတပ်သားအင်အား (၁၀၀)ကျော်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ Myaung Revolution Army (MRA) ဌာနချုပ် စခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကြောင့် MRA ရဲဘော်များ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ပြီး စခန်းရှိ တဲများအား စစ်ကောင်စီတပ်သားနှင့် ရဲတပ်သားများက မီးရှို့ဖျက်ဆီးနေစဉ်တွင် စခန်းတွင်းထောင်ထားခဲ့သည့် ပဒေသာမိုင်းဖြင့် ပြန်လည်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၁၄)ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး (၃) ဦးမှာ နေရာတွင်သေခဲ့ကြောင်း သိရသည်။ 

ထို့နောက် စစ်ကောင်စီတပ်က Drone များဖြင့် တိုက်ခိုက်ခဲ့ရာ MRA Drone တပ်ဖွဲ့မှလည်း Drone ဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သဖြင့် ၎င်းတို့သည် ဒဏ်ရာရသူများကို ထမ်းပိုး၍ MRA စခန်းမှ ထွက်ပြေးသွားကြကြောင်း သိရသည်။

ဒဏ်ရာရတပ်သားများအား သယ်ဆောင်၍ ထွက်ပြေးသွားသော စစ်‌ကောင်စီစစ်ကြောင်းကို  MRA အဖွဲ့မှ Drone ဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ရာ (၅) ဦး ထပ်မံဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုနောက် စစ်ကောင်စီတပ်၏ စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြောင်ဒေသကာကွယ်တပ်ဖွဲ့ထံက ထုတ်ပြန်ထားသည်။