ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများကို PDF ရရှိ

ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများကို PDF ရရှိ

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာတွင် ၂၀၂၃ ခုနှစ် သြဂုတ်လ(၉) ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့သည်ဟု ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ယင်းနေ့ နံနက်ပိုင်းမှစ၍ နေ့လည်ပိုင်းအထိဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိပြီး PDF ရဲဘော်တစ်ဦးလည်း ကျဆုံးသည်ဟု Tachileik News Agency သို့ အဆိုပါပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောကြားသည်။

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများတွင် လက်နက်ကြီးကျည်များ၊ စက်လတ်များနှင့် ကျည်များပါဝင်သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားပြီးကတည်းက ကျောက်တံခါးမြို့နယ်တွင် ဖုန်းအင်တာနက်လိုင်းများ ပြတ်တောက်သွားသည်ဟုလည်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် ဩဂုတ်လ(၄)ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်အပြင်  သြဂုတ်လ(၃)ရက်နေ့က ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာမှ နေအိမ်တစ်လုံးပေါ်သို့ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ လူငယ်တစ်ဦး သေဆုံးခဲ့ရသည်။

#TachileikNewsAgency