ဘီးလင်းမြို့၊ မရမ်းကုန်းကျွေးရွာသို့ ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်က တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွား

ဘီးလင်းမြို့၊ မရမ်းကုန်းကျွေးရွာသို့ ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်က တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွား

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ မရမ်းကုန်းကျွေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက် တပ်စွဲထားသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို KNLA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

မရမ်းကုန်းကျွေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်အင်အား(၈၀)ဝန်းကျင်ကို ပြီးခဲ့သည့် ဩဂုတ်လ (၈)ရက်နေ့က  KNLA ပူးပေါင်း တောကျီးကန်းစစ်ကြောင်းနှင့် တပင်ရွှေထီးစစ်ကြောင်းတို့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်နှင့် နံနက်(၁၁)နာရီခွဲကျော်အချိန်တွင် စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့လည်(၁)နာရီကျော်တွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများဖြင့် ပြန်လည်ဆုတ်ခွါသွားကာ တိုက်ပွဲအတွင်း ပူးပေါင်းတပ်များဘက်မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တောကျီးကန်းစစ်ကြောင်းက ယနေ့ ဩဂုတ်လ (၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များသည် မွန်ပြည်နယ်၊ ဘီးလင်း၊ ကျိုက်ထို၊ သထုံမြို့နယ်များအတွင်းရှိ ကျေးရွာများကို ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများဖြစ်ပွားပြီး ပြန်လည်ဆုတ်ခွာသွားရသည်ဟု တောကျီးကန်းစစ်ကြောင်းထံမှ သိရသည်။

#TachileikNewsAgency