ကျိုင်းတုံမြို့တွင် စစ်တပ်အုပ်ချုပ်သည့် အထက(၄)က ကျောင်းသား ကလေးငယ်များကို အာဏာသိမ်းအဖွဲ့၏ ဝါဒဖြန့် စာစောင်များ ဖြန့်ဝေ

ကျိုင်းတုံမြို့တွင် စစ်တပ်အုပ်ချုပ်သည့် အထက(၄)က ကျောင်းသား ကလေးငယ်များကို အာဏာသိမ်းအဖွဲ့၏ ဝါဒဖြန့် စာစောင်များ ဖြန့်ဝေ
ဒီဇင်ဘာ 1, 2021 | ပညာရေး| ရှမ်းရှေ့

တြိဂံတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ စစ်တပ်မိသားစုဝင်အများစု တက်ကြပြီး စစ်တပ်အုပ်ချုပ်သည့် အမှတ်(၄) အခြေခံပညာကျောင်းအထက်တန်းမှ ကျောင်းသူ ကျောင်းသားများနှင့် ကျောင်းကြိုပို့ ကျောင်းသားမိဘများကို ဆရာမများက အာဏာသိမ်းအဖွဲ့၏ ဝါဒဖြန့်စာစောင်များ ဖြန့်ဝေနေသည်။

ကျိုင်းတုံရှိ အာဏာသိမ်းတပ်မိသားစုဝင်အများစု တက်ရောက်ကြသည့် တပ်ကျောင်းဟု ဒေသခံများခေါ်ကြသည့် အထက (၄)တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့မှစ၍ ယနေ့ ဒီဇင်ဘာလ(၁)ရက်နေ့အထိ ဖြန့်ဝေနေသည်ကို တွေ့ရခြင်းဖြစ်သည်။

ကျိုင်းတုံ ထ(၄) တပ်ကျောင်းက ကျောင်းလာတဲ့ ကလေးတွေနဲ့ မိဘတွေကို လက်ကမ်းစာရွက်တွေ ဝေနေတယ်။ မနေ့ကတည်းက ဝေတယ်။  ကျောင်းဆရာမတွေက ဝေတာ။ အဲ့ကျောင်းရဲ့ ကျောင်းအုပ်က စစ်ဝတ်စုံနဲ့ပဲကျောင်းကို အုပ်ချုပ်တာ။ ဗိုလ် အထီးပေါ့

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ဒီဇင်ဘာလ(၁)ရက်နေ့တွင် ပြောသည်။

ကျောင်းပြန်လည်ဖွင့်လှစ်ရာတွင်လည်း  ကျောင်းလာတက်ရန် အခြားကျောင်းထက် အထက(၄)က ညတွင်းချင်းဖုန်းဆက်ပြောသည်ဟုလည်း ဆိုသည်။

ထ(၄)ကျောင်းက ပိုဆိုးတယ်။ ကျောင်းတက်ဖို့တောင် ကလေးမိဘတွေကို ညအချိန်အကြီး ဖုန်းဆက်ပြောတာ။ ဒီနှစ်ဆယ်တန်းကိုလည်း (၂၃)မှတ်ဆို အောင်ပြီတဲ့။

ဟု ကျောင်းသားမိဘနှင့် နီးစပ်သူတစ်ဦးကလည်း ပြောသည်။

 

ပြည်သူ့ဆန္ဒကို ဆန့်ကျင်ကာ နိုင်ငံ့အာဏာသိမ်းထားသည့်အဖွဲ့က ၎င်းတို့အား ဆန့်ကျင်နေသည့် ပြည်သူ့တော်လှန်ရေးအား ပုံဖျက်သည့်ဝါဒဖြန့်မှုကို နည်းလမ်းမျိုးစုံသုံး၍ လုပ်ဆောင်နေပြီး ပြီးခဲ့သည့် နိုဝင်ဘာလ (၃၀) ရက်နေ့က စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့၌ ဝါဒဖြန့်စာရွက်များကို ရဟတ်ယာဉ်ဖြင့် ကြဲချဖြန့်ဝေခဲ့သည်ကိုလည်း တွေ့ရသည်။

ပြည်သူရွေးကောက်ထားသည့် အစိုးရကို ဖမ်းဆီးကာ နိုင်ငံ့အာဏာသိမ်းထားသည့် စစ်တပ်က ပြည်သူ့ဆန္ဒမဲရလဒ်ကို ပယ်ဖျက်သည်ဟု ပြောဆိုထားပြီး စစ်အာဏာသိမ်းမှုကို လက်မခံသည့်ပြည်သူများအား လက်နက်အားကိုးဖြင့် အကြမ်းဖက်နှိမ်နှင်းနေသော်လည်း (၁၀)လတာကြာလာသည့်တိုင် ပြည်သူများ၏ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုကို ရင်ဆိုင်နေရဆဲဖြစ်သည်။