ကျိုင်းတုံမြို့ အပါအဝင် ရှမ်း(ရှေ့)မှ CDM လုပ်ဆောင်နေသည့် လဝက ဝန်ထမ်းများကို ဝန်ထမ်းအိမ်ရာက ဖယ်ရှားရန် ဖိအားပေးနေပြီး နိုင်ငံတော်၏ အတိုးမဲ့ချေးငွေများ အကြေပြန်ဆပ်ရန် စွဲချက်ထားခံထားရ

ကျိုင်းတုံမြို့ အပါအဝင် ရှမ်း(ရှေ့)မှ CDM လုပ်ဆောင်နေသည့် လဝက ဝန်ထမ်းများကို ဝန်ထမ်းအိမ်ရာက ဖယ်ရှားရန် ဖိအားပေးနေပြီး နိုင်ငံတော်၏ အတိုးမဲ့ချေးငွေများ အကြေပြန်ဆပ်ရန် စွဲချက်ထားခံထားရ
မတ် 13, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် CDM လုပ်ဆောင်နေသည့် လဝက ဝန်ထမ်းများအား ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှားပေးရန်   ဖိအားပေးခြိမ်းခြောက်မှုများရှိနေကြောင်း နှင့်   နိုင်ငံတော်မှ အတိုးမဲ့ကြိုတင်ထုတ်ချေးထားသည့် နှစ်လစာအား အကြေပေးဆပ်ရန် စုံခုံဖွဲ့စစ်ဆေးရေးအတွက် စွဲချက်တင်ကာ ဖိအားပေးနေကြောင်း သိရသည်။

အလုပ်က ယာယီရပ်ဆဲစာ ထွက်ကတည်းက ရှမ်း(အရှေ့)လဝက CMD ဝန်ထမ်းတိုင်း အလုပ်မှ ယာယီရပ်ဆဲခံရပါတယ်။ အခု ချေးငွေ အတင်းဆပ်ခိုင်းပါတယ်။ စွဲချက်တင်နေပါ။ လဝက ဝန်ထမ်းတိုင်းကို အိမ်ရာအခန်းကလည်း အတင်းအဓမ္မဖယ်ရှားနေပါတယ်။

ဟု CDM လုပ်ဆောင်နေသည့် လဝကဝန်ထမ်းတစ်ဦးက ပြောသည်။

စွဲချက်တင်သည့် စာများကို ပြည်နယ်/ခရိုင်/မြို့နယ် ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်လဝကဦးစီးမှူးဖြစ်သူ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်စိုး နှင့် ခရိုင်/မြို့နယ် ဦးစီးအရာရှိများက လက်မှတ်ရေးထိုးကာ CDM လဝက ဝန်ထမ်းများကို အကြောင်းကြားထားခြင်း ဖြစ်ပြီး မတ်လ(၁၅)ရက်နေ့ တွင်  စုံခုံဖွဲ့စစ်ဆေးမည်ဟု အသိပေးထားခြင်းဖြစ်သည်။

 

တကယ်တမ်းတွင် အတိုးမဲ့ချေးငွေနှင့် ပတ်သက်၍ ပြည်သူများက ရွေးချယ်ထားသည့် အစိုးရက နိုင်ငံ့ဝန်ထမ်းများ အပေါ် အတိုးမဲ့ဖြင့် ကြိုတင်ထုတ်ချေးထားသော ချေးငွေများအား ပြန်လည်ပေးဆပ်ရန် မလိုအပ်သည့် ချီးမြှင့်ငွေအဖြစ် သတ်မှတ်ကြောင်းကို ၂၀၂၁ခုနှစ် မတ်လ(၈)ရက်နေ့က အသိပေးကြေညာထားသည်။

ကျွန်တော်တို့ကတော့ ဘယ်လိုအရေးယူပါစေ အဆုံးထိ CDM ကိုဆက်လုပ်သွားမှာပါ

ဟု CDM လုပ်ဆောင်နေသည့် လဝကဝန်ထမ်းတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင် နှင့် မိုင်းဆတ်ခရိုင်တို့မှ လဝက ဝန်ထမ်း စုစုပေါင်း (၁၆)ဦးမှာ စစ်အာဏာရှင်စနစ်ကို မလိုလား၍ ပြည်သူနှင့်အတူ ရပ်တည်ကာ CDM လုပ်ဆောင်နေကြခြင်းဖြစ်ပြီး CDM လုပ်ဆောင်သည်မှာ ဌာနက ထွက်ခြင်းမဟုတ်ဘဲ စစ်အာဏာရှင်စနစ်အောက်တွင် လုပ်ငန်းတာဝန်များကို မဆောင်ရွက်လိုခြင်းဖြစ်ရာ ပြည်သူ့အစိုးရတက်လာမှသာ လုပ်ငန်းတာဝန်များကို ပြန်လည်ထမ်းဆောင်ကြမည်ဟု ဆုံးဖြတ်ထားကြခြင်း ဖြစ်သည်။