တာချီလိတ်မြို့တွင်  ရှမ်းပြည်နယ်နေ့ အခမ်းအနား ကျင်းပနေချိန်အတွင်း မြို့တွင်း စစ်ကားများ ကင်းလှည့်ကာ  အချို့နေရာများတွင် ဖုန်းယူစစ်

တာချီလိတ်မြို့တွင်  ရှမ်းပြည်နယ်နေ့ အခမ်းအနား ကျင်းပနေချိန်အတွင်း မြို့တွင်း စစ်ကားများ ကင်းလှည့်ကာ  အချို့နေရာများတွင် ဖုန်းယူစစ်
ဖေဖော်ဝါရီ 7, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ရှမ်းပြည်နယ်နေ့ အခမ်းအနား ပြုလုပ်နေချိန် ဗုံးလာခွဲမည်ဆိုး၍ ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်၏ ကားနှင့်ရဲကားတို့ ပတ်နေပြီး အချို့နေရာများတွင် စစ်ဆေးမှုများ ပြုလုပ်ကာ ဖုန်းပါ ယူစစ်နေကြောင်း သိရသည်။

မနက်က ပါလျှံတရုတ်ဘုံကျောင်းနားမှာ စစ်ဆေးတာတွေရှိတယ်။ ဖုန်းယူစစ်တာတွေလည်း လုပ်တယ်။ အခမ်းအနားလုပ်နေတော့ ဗုံးလာခွဲမှာဆိုးလို့ထင်တယ်။  မြို့ထဲမှာတော့ ပွိုင့်ကား နဲ့ စစ်ကား(၅)စီး ပတ်နေတာကိုလည်း တွေ့ခဲ့တယ်၊ စစ်ကားတွေက ဟန်ပြလှည့်တဲ့ သဘောဖြစ်မယ်။ တစ်စီးမှ (၂)ယောက် (၃)ယောက်ပဲ ပါတယ်။

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့တွင် ယနေ့ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ကျရောက်သည့်  ရှမ်းပြည်နယ်နေ့အဖြစ် ကျင်းပသည့် အခမ်းအနားကို အောင်မြတ်ခန်းမတွင် မကျင်းပတော့ဘဲ ပါလျှံ တရုတ်ဘုံကျောင်းတွင် ကျင်းပနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်နှင့်ရဲများ နေရာအပြည့်ယူထားကြောင်း သိရသည်။