တာချီလိတ်မြို့တွင် မီးပွိုင့်များနှင့် အချို့နေရာများတွင် သွားလာသူများကို စစ်ဆေးနေပြီး ဖုန်းများပါ ယူ၍ စစ်ဆေးနေ

တာချီလိတ်မြို့တွင် မီးပွိုင့်များနှင့် အချို့နေရာများတွင် သွားလာသူများကို စစ်ဆေးနေပြီး ဖုန်းများပါ ယူ၍ စစ်ဆေးနေ
ဇွန် 19, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ပါလျှံမီးပွိုင့်လမ်းဆုံအပါအဝင် မြို့တွင်းအချို့နေရာများတွင်  အာဏာသိမ်းစစ်ကောင်စီ၏ တပ်နှင့်ရဲအဖွဲ့က ယနေ့ ဇွန်လ(၁၉)ရက်နေ့ ည (၉) နာရီကျော်အထိ လမ်းပေါ်သွားလာနေသူများကို တားဆီးပြီး ဖုန်းများပါ ယူ၍ စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ 

ပါလျှံမီးပွိုင့်လမ်းဆုံအနီးတွင် အာဏာသိမ်းစစ်ကောင်စီ၏အဖွဲ့များက ည (၈)နာရီခွဲကျော်ကတည်းက အင်အားအများအပြားဖြင့် ပိတ်ဆို့စစ်ဆေးနေခြင်းဖြစ်ပြီး အနီးဝန်းကျင်မှ ဆိုင်ခန်းများကိုလည်း ပိတ်ခိုင်းထားကြောင်း သိရသည်။

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းထောင့် မီးပွိုင့် လမ်းဆုံ နှင့် ရီဂျီနားဂေါက်ကွင်းအဆင်းလမ်းဆုံ ရွှေမြန်ဟိုတယ်ရှေ့တွင်လည်း စစ်ဆေးနေပြီး အချို့နေရာများတွင်လည်း စစ်ဆေးနေကြောင်း သိရသည်။

ရှမ်းရိုးမကွင်းထောင့်က မီးပွိုင့်မှာ လမ်းတစ်ဝက်ရဲ့ ညာဖက်အခြမ်းကို Vigo ကားအဖြူရောင်နဲ့ ပိတ်စစ်နေတာ။ ဘယ်ဖက်အခြမ်းမှာက ထိုင်နေကြတာ။ ရွှေမြန်မာရှေ့မှာလည်း ဖုန်း ယူစစ်တယ်လို့ အစစ်ခံရသူက ပြန်ပြောပြတယ်

ဟု တာချီလိတ်ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ည(၉)နာရီ(၁၅)မိနစ်အချိန်က ပြောသည်။

တာချီလိတ်တွင် ၂၀၂၁ ခုနှစ်၊  ဇွန်လ (၁၈) ရက်နေ့ နေ့လယ်ပိုင်းက ပါလျှံမီးပွိုင့်လမ်းဆုံနားရှိနေအိမ်မှ အသက် (၃၃) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အာဏာသိမ်းအဖွဲ့၏စစ်တပ်နှင့်ရဲတို့က လာဖမ်းသွားပြီး ဇွန်လ (၁၉) ရက်နေ့တွင် ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားကြောင်းလည်း သိရသည်။