စင်္ကာပူမှ ဩစတေးလျသို့ လာသည့် ခရီးသည်နှစ်ဦးတွင် COVID 19 ဗီဇပြောင်း အိုမီခရွန် တွေ့ရှိ

PHOTO: CHONG JUN LIANG
PHOTO: CHONG JUN LIANG
စင်္ကာပူမှ ဩစတေးလျသို့ လာသည့် ခရီးသည်နှစ်ဦးတွင် COVID 19 ဗီဇပြောင်း အိုမီခရွန် တွေ့ရှိ
နိုဝင်ဘာ 29, 2021 | နိုင်ငံတကာသတင်း| Covid-19

ဩစတေးလျသို့ စင်္ကာပူမှလာသည့် ခရီးသည်နှစ်ဦးတွင် COVID 19 ဗီဇပြောင်း အိုမီခရွန်တွေ့ရှိ

စင်္ကာပူလေကြောင်းလိုင်း SIA က  ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်နေ့က ပျံသန်းသည့် ခရီးစဉ်မှ ခရီးသည် (၂) ဦးတွင် COVID 19 ဗီဇပြောင်း အိုမီခရွန်တွေ့ရှိရ၍ လေယာဉ်အမှုထမ်းများအပါအဝင် အဆိုပါခရီးစဉ်မှ ခရီးသည်အားလုံးကို အသွားအလာကန့်သတ်၍ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

စင်္ကာပူမှ ဆစ်ဒနီသို့ ယမန်နေ့ခရီးစဉ်ဖြင့် လိုက်ပါလာသည့် အဆိုပါ ခရီးသည်နှစ်ဦးမှာ တောင်အာဖရိကမှ လာရောက်ကြသူများဖြစ်ကြသည်ဟု ဩစတေးလျကျန်းမာရေးဌာနက သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အိုမီခရွန်ကူးစက်ခံရသူနှစ်ဦးလုံးမှာ COVID 19 ကာကွယ်ဆေးအပြည့်အဝထိုးနှံထားပြီးသူများဖြစ်ကြသည်ဟု သိရသည်။

လက်ရှိတွင် ၎င်းတို့အား သီးသန့်ထားရှိ၍ အထူးကျန်းမာရေးစောင့်ရှောက်မှုအောက်တွင် ထားရှိသည်ဟု သိရသည်။

အဆိုပါ ခရီးစဉ်တွင် လိုက်ပါလာသူအားလုံးနှင့် လေယာဉ်ဝန်ထမ်းများအနေဖြင့် သီးခြား (၁၄) ရက်နေထိုင်ပြီး စစ်ဆေးမှုခံယူရန် လိုအပ်သည်ဟု ဩစတေးလျကျန်းမာရေးဌာနက သတိပေးထားပြီး စင်္ကာပူလေကြောင်းလိုင်း တာဝန်ရှိသူများက ၎င်းတို့၏ ဝန်ထမ်းများအနေဖြင့် သီးခြားနေထိုင်ကာ COVID 19 စစ်ဆေးမှုကို လုပ်ဆောင်မည်ဟု သတင်းထုတ်ပြန်ထားသည်။

စင်္ကာပူနိုင်ငံက ကာကွယ်ဆေးထိုးနှံထားသည့် ဩစတေးလျနိုင်ငံသားများ ပြည်ဝင်ခွင့်ကို ယခုလအစောပိုင်းတွင် ခွင့်ပြုထားပြီး ဩစတေးလျကလည်း နိုဝင်ဘာလ (၂၁) ရက်နေ့မှစ၍ ကာကွယ်ဆေးအပြည့်အဝထိုးထားသည့်  စင်္ကာပူနိုင်ငံသားများကို ပြည်ဝင်ခွင့်ပေးထားခဲ့ခြင်းဖြစ်သည်။

Source: CNA

ဆက်စပ်သတင်း

ဟောင်ကောင်တွင် ကာကွယ်ဆေးထိုးပြီးသော်လည်း COVID 19 ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် ကူးစက်ခံထားရသူ (၃)ဦးမြောက် တွေ့ရှိ