တာချီလိတ်တွင် အသက် (၈၂)နှစ်အရွယ် ကျန်းမာရေးဝန်ထမ်းဟောင်းတစ်ဦး တရုတ်ကာကွယ်ဆေး Sinopharm ထိုးနှံပြီး Covid-19 ဖြင့် သေဆုံး

တာချီလိတ်တွင် အသက် (၈၂)နှစ်အရွယ် ကျန်းမာရေးဝန်ထမ်းဟောင်းတစ်ဦး တရုတ်ကာကွယ်ဆေး Sinopharm ထိုးနှံပြီး Covid-19 ဖြင့် သေဆုံး
သြဂုတ် 13, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အသက် (၈၂) နှစ်အရွယ် ကျန်းမာရေးဝန်ထမ်း ဟောင်းတစ်ဦး Covid-19 ကာကွယ်ဆေးထိုးပြီး (၁၀) ရက်အကြာဖြစ်သည့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့တွင် Covid-19 ဖြင့် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးဝန်ထမ်းဟောင်းအမျိုးသမီးသည် တာချီလိတ်မြို့ တာလော့ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး လက်ရှိ ထိုးနှံပေးနေသည့် တရုတ် Covid-19 ကာကွယ်ဆေး Sinopharm ကို ဩဂုတ်လ (၃) ရက်နေ့က သွားရောက်ထိုးနှံပြီးနောက် နေအိမ်တွင် နေထိုင်မကောင်းဖြစ်လာသဖြင့် လွန်ခဲ့သည့် (၃) ရက်ဝန်းကျင်က Covid-19 စစ်ဆေးရာ ပိုးတွေ့ရခြင်းဖြစ်သည်ဟု သိရသည်။

ယင်းနောက် ယမန်နေ့ညပိုင်းက အောက်ဆီဂျင်ကျနေခဲ့ပြီး ယနေ့ နံနက်(၁၀)နာရီကျော်အချိန်က သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးထားသည့် ကျန်းမာရေးဝန်ထမ်းဟောင်း အမျိုးသမီးသေဆုံးရခြင်း အကြောင်းရင်းကို သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုချက် မရရှိပါ။

အဆိုပါ အမျိုးသမီးမှာ မည်သည့်အချိန်က Covid-19 ကူးစက်ခံရသည်ကို မသိရသော်လည်း ကာကွယ်ဆေးထိုးနှံသည့်နေရာတွင် Covid-19 ကာကွယ်ရေးသတ်မှတ်ချက်များအတိုင်း လုပ်ဆောင်နိုင်ခြင်းမရှိဘဲ လူစုလူဝေးဖြစ်နေသည်ကို ယင်းနေ့တွင်တွေ့ရှိရသလို ဩဂုတ်လ(၁၀)ရက်နေ့ကလည်း တွေ့ရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှ ဩဂုတ်လ(၁၂)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၁,၉၂၄)ဦးအထိရှိနေပြီး သေဆုံးသူမှာ ဩဂုတ်လ(၁၃)ရက်နေ့အထိ (၃၁)ဦးအထိရှိနေသည်။

လက်ရှိထိုးနှံပေးနေသည့် တရုတ် Covid-19 ကာကွယ်ဆေး Sinopharm ကို WHO က ၂၀၂၁ ခုနှစ်၊ မေလအတွင်း၌ အရေးပေါ်အသုံးပြုနိုင်သည့်ကာကွယ်ဆေးအဖြစ် အသိအမှတ်ပြုထားပြီး အသက် (၁၈)နှစ်မှ အသက် (၆၀)ကြားထိုးနှံနိုင်သည်ဟု ဖေါ်ပြထားခြင်းဖြစ်သည်။

Sinopharm ကို အသက် (၆၀)နှစ်အထက်အား ဘေးကင်းစွာထိုးနှံနိုင်ခြင်းရှိ၊ မရှိနှင့်ပတ်သက်၍ လုံလောက်သည့်စမ်းသပ်မှုရလဒ်မရှိသေးသဖြင့် အကယ်၍ အသက် (၆၀)နှစ်နှင့်အထက်ကို ထိုးနှံပေးသည့် နိုင်ငံများအနေဖြင့် ကာကွယ်ဆေးထိုးပြီးသူ၏ ဘေးကင်းမှုကို စောင့်ကြည့်ပေးသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် WHO က ပြောထားခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ၏Covid-19 ကာကွယ်ဆေးထိုးအစီအစဉ်တွင် တရုတ်ကာကွယ်ဆေး Sinopharm ကို ဦးစားပေးအုပ်စု (၁၃)ခုခွဲ၍ထိုးနှံပေးနေရာတွင် အသက် (၆၅)နှစ်နှင့်အထက်အုပ်စုကိုပါ ထည့်သွင်းထိုးနှံပေးနေခြင်းဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီ၏ ကျန်းမာရေးဌာနကမူ အဆိုပါအုပ်စုအတွက် ဘေးကင်းသည်ဟု ဆိုထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင်Covid-19 ကာကွယ်ဆေးထိုးရန် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့က အစိုးရနှင့်ပြည်သူ ပူးပေါင်းထူထောင်ထားသည့် ကာကွယ်ဆေးရန်ပုံငွေဖြင့် အာဏာသိမ်းအဖွဲ့က တရုတ်မှ ကာကွယ်ဆေးများဖြစ်သည့် Sinopharm နှင့် Sinovac များကို ဝယ်ယူထားခြင်းဖြစ်သည်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း တရုတ်Covid-19 ကာကွယ်ဆေး Sinovac ကို ထိုးနှံပေးနေရာ အဆိုပါတရုတ်ကာကွယ်ဆေးမှာ လက်ရှိဖြစ်ပွားနေသည့်Covid-19 ဒယ်လ်တာမျိုးကွဲအား ကာကွယ်နိုင်ခြင်းမရှိသဖြင့် အမေရိကန်နှင့် ဥရောပထုတ် ကာကွယ်ဆေးများထိုးနှံပေးရန် ထိုင်းပြည်သူများက အစိုးရအား တောင်းဆိုနေကြသည်။

 အလားတူ တရုတ်ကာကွယ်ဆေးထိုးနှံနေသည့် အင်ဒိုနီးရှားတွင်လည်း ပြည်သူကို အမေရိကန်နှင့် ဥရောပထုတ် ကာကွယ်ဆေးများထိုးနှံပေးရန်  ကြိုးစားလာကြောင်း သိရသည်။