တာချီလိတ်မြို့တွင် လူငယ်များကို အလုပ်လိမ်ခေါ်ကာ မြန်မာစကားမတတ်သည့် တရုတ်များက ခြိမ်းခြောက်ပြီး အွန်လိုင်းမှ ငွေကြေးလိမ်လည်ခိုင်းနေ

တာချီလိတ်မြို့တွင် လူငယ်များကို အလုပ်လိမ်ခေါ်ကာ မြန်မာစကားမတတ်သည့် တရုတ်များက ခြိမ်းခြောက်ပြီး အွန်လိုင်းမှ ငွေကြေးလိမ်လည်ခိုင်းနေ
နိုဝင်ဘာ 24, 2021 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် အွန်လိုင်းမှငွေကြေးလိမ်လည်သည့် တရုတ်လုပ်ငန်းအများအပြားကို နေရာ (၂) ခုထက်မနည်းတွင်လုပ်ကိုင်နေပြီး အလုပ်အကိုင်လိမ်ညာခေါ်ယူကာ အလုပ်သမားများအား လက်နက်ကိုင်စောင့်ကြပ်သည့် ခြံဝန်းအတွင်း ပိတ်လှောင်  ခြိမ်းခြောက်ပြီး စေခိုင်းမှုများကြောင့် အခွင့်အရေးချိုးဖေါက်ခံရမှုများ ဖြစ်ပွားနေကြောင်း သိရသည်။

အလုပ်ခေါ်တုန်းက  English Online  လစာကောင်းတယ်ဆိုပြီး ခေါ်တယ်။ အလုပ်ထဲရောက်တော့  လူတကာကို ပတ်လိမ်ခိုင်းပြီး ငွေတောင်းခိုင်းပါတယ်။ မလိမ်နိုင်ရင် လစာမပေးဘူးဆိုပြီး ဖိအားပေးတယ်။ နိုင်ငံခြားကလူတွေကို 18+ ပုံတွေ၊ ဗီဒီယိုတွေနဲ့ မျှားခေါ်ပြီး ရင်းနှီးအောင် လုပ်ပြီး ငွေလိမ်ခိုင်းတယ်။ လောင်းကစားလုပ်တာမျိုး မဟုတ်ဘူး။ sex chat တာတွေအထိပါ လုပ်ရတယ်။ sex ကိစ္စတွေနဲ့မျှားပြီး ငွေလိမ်ခိုင်းတာ။ မလိမ်နိုင်ရင် လစာမပေးဘူး။ ထွက်မယ်ဆိုလည်း လျော်ခိုင်းတယ်။ တစ်နေ့တစ်နေ့ကို (၁၃)နာရီ၊ (၁၄)နာရီလောက် အလုပ်လုပ်ရတယ်။ လူသစ်တွေကတော့ တစ်သုတ်ပြီးတစ်သုတ် ရောက်ရောက်လာကြတယ်။ နိုင်ငံရေးကမကောင်းတော့ ပြည်တွင်းက လူတွေ အတော်များများကို ရောက်လာကြတာ။ အေးဂျင့်တွေက အလုပ်သွင်းပေးတာများတယ်။

ဟု အမည်မဖေါ်လိုသည့် သတင်းရင်းမြစ်က Tachileik News Agency သို့  ပြောသည်။

လစာငွေ ဘတ် (၃)သောင်းအထိပေးမည့် English Online အလုပ်အကိုင်ဟုဆိုကာ အလုပ်ခေါ်ယူပြီး Dating App များ၊ Messenger App၊ လူမှုကွန်ယက်ပေါင်းစုံမှနေ၍ အကောင့်တုများဖြင့် နိုင်ငံခြားသားများအားရှာဖွေကာ သားကောင်ဖြစ်နိုင်ချေရှိသူကို  (၃) ရက်အတွင်း ရည်းစားဖြစ်ရန် မြူဆွယ်ပြီး လုပ်ငန်းအတူ လုပ်ရန်ရင်းနှီးမြုပ်နှံမှုအတွက်ဟုဆိုကာ ငွေကြေးလိမ်လည်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများတွင် လုပ်ကိုင်သူများ အနေဖြင့် လက်နက်ကိုင်စောင့်ကြပ်သည့် ခြံဝန်းအတွင်းမှ အဆောက်အဦတွင်သာ နေထိုင်ရပြီး အလုပ်စဝင်သည်နှင့် ဖုန်းအားလုံးသိမ်းကာ အလုပ်မှဖုန်းကိုသာ ကိုင်ဆောင်ခွင့်ရကြောင်း သိရသည်။

မြို့လယ်ခေါင်က လေယာဉ်ကွင်းလောက်ရှိတဲ့ ခြံဝန်းကြီးထဲမှာ ဗမာစကားမတတ်တဲ့ တရုတ်သူဌေးတွေက အလုပ်သမားအများကြီးနဲ့ ဘယ်သူ့ခွင့်ပြုချက်နဲ့ အလုပ်လုပ်ခွင့်ရနေကြလဲ မသိဘူး။ တရားမဝင်အလုပ်တွေကို လက်နက်ကိုင်တွေစောင့်ပြီး လုပ်နေတာ။ အလုပ်က ဘတ်သုံးသောင်း၊ သုံးသောင်းခွဲတို့ အမျိုးမျိုးနဲ့ခေါ်တယ်။ တကယ်ကျတော့ သူတို့အတွက် ပိုက်ဆံရှာပေးနိုင်မှရတယ်။ အလုပ်ထွက်မယ်ဆိုတော့လည်း သတ်မှတ်ကာလ မတိုင်ခင်ထွက်လို့ဆိုပြီး လျော်ကြေးပေးရမယ်တဲ့။ အလုပ်သွင်းပေးတဲ့ အေးဂျင့်ကလည်း ပေးမထွက်ဘူးဆိုပြီး ခြိမ်းခြောက်တယ်။ အလုပ်ထွက်မယ်ဆို လျော်ကြေးက သူတို့ပါးစပ်က ထွက်တဲ့ဈေးပဲ။ သတ်မှတ်ထားတာမရှိဘူး

ဟု အမည်မဖေါ်လိုသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အဆိုပါအလုပ်များက  လူတစ်ဦးလျှင် တစ်လ အမေရိကန်ဒေါ်လာ (၃) သောင်းရှာဖွေစေပြီး ရှာဖွေနိုင်သည့်အပေါ်မူတည်၍ လစာအား (၄၅) ရက်တစ်ကြိမ်တွက်ပေးခြင်းဖြစ်ရာ မူလအလုပ်ခေါ်စဉ်က ပြောထားသည့် လစာရရှိခြင်း မရှိကြောင်း သိရသည်။

အဆိုပါ အွန်လိုင်းငွေလိမ်လည်သည့်လုပ်ငန်းများကို တာချီလိတ်မြို့ အနောက်မြို့ပတ်လမ်း၊ တာဝေမီးစက်အနီးရှိ လွယ်စတုံဘက် ကျိုက်ထီးရိုးသွားရာလမ်းမှ မိုးပြာရောင် "ဝ"ကွင်းဟု ဒေသခံများအသိများသည့် အဆောက်အဦနေရာနှင့် ဆန်ဆိုင်း (က)ရပ်ကွက်အတွင်း  ဟုန်ပန်းဝန်းတို့အတွင်းရှိ အဆောက်အဦများ၌ လုပ်ကိုင်နေခြင်းဖြစ်ကြောင်းသိရပြီး အခြားနေရာများကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

အဆိုပါ အွန်လိုင်းမှ ငွေကြေးလိမ်လည်သည့် လုပ်ငန်းနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများအတွက် အမျိုးသမီးများအပြင် အမျိုးသားများကိုပါ အလုပ်ခေါ်ယူပြီး အကောင့်တုများဖြင့် လိမ်လည်၍ ဖျားယောင်းခေါ်ဆောင်ရခြင်းများကို လုပ်ရကြောင်း သိရသည်။

ယောကျ်ားလေးတွေလည်း မိန်းကလေးလို ဟန်ဆောင်ပြီး ပြောရတာ။ နာမည်တွေကတော့ ဗီယက်နမ်နာမည်တွေရော နိုင်ငံခြားနာမည်တွေရော အစုံပဲ။ အပြင်မှာ ဘယ်လိုလူဖြစ်နေနေ အဲဒီအလုပ်လုပ်ရရင် တစ်ချိန်လုံး ချိုနေအောင် ပြောရတာပေါ့။ ကိုယ့်ကို သံယောဇဉ်တွယ်ပြီး ဂိမ်းလာဆော့အောင် ပြောရတာပေါ့။ တစ်ချို့ဆို တစ်ကယ်ကို စွဲလန်းတာလို့ ပြောရမလား။ နေ့တိုင်းပြောနေရင်းကို သူ ထမင်းစားတော့မယ်နော်။ အပြင်သွားမယ်နော်။ ပြန်လာပြီနော် အဲလိုတွေကို တောက်လျှောက်ပို့နေတာ။ ရီစရာပြောရဦးမယ်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆို ကျွန်တော်မှန်းမသိဘဲ ရည်းစားလာဖြစ်တာ။ အပြင်မှာတွေ့တော့ သူရည်းစားရနေပြီဆိုပြီး ကျွန်တော့်ကို ကောင်မလေးအကောင့် ပြပြပြီး ကြွားတာ။ တကယ့် တကယ်တော့ အဲ့ ကောင်မလေးအကောင့်တုက ကျွန်တော်ကိုယ်တိုင် ကိုင်ပြီး မိန်းကလေးလို လိမ်ပြောနေရတဲ့ အကောင့်အတုပါ။ ဒီအလုပ်က လုပ်ချင်လားဆိုတော့ ဘယ်လုပ်ချင်မလဲ။ ဒီဒေသမှာ လူငယ်တွေအတွက် ဒီအလုပ်ပဲရှိတာလေ

ဟု လူငယ်တစ်ဦးက ဆိုသည်။

အဆိုပါ တရားမဝင်လုပ်ငန်းများတွင် အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖေါက်ခံရခြင်းများစွာ ဖြစ်ပွားနေသော်လည်း ချိုးဖေါက်ခံရသူများအနေဖြင့် ခြိမ်းခြောက်ခံရခြင်း၊ တရားမဝင်လုပ်ငန်းတွင် လုပ်ကိုင်နေမိ၍ကြောက်ရွံ့ခြင်းတို့ကြောင့် သက်ဆိုင်ရာများထံ တိုင်ကြားရဲခြင်းမရှိသည့်အပြင် စစ်ဘက်နှင့်အရပ်ဘက်ဌာန နှင့်ရဲတပ်ဖွဲ့တို့က   ခွင့်ပြုထားသည့် တရားမဝင်လုပ်ငန်းများဖြစ်၍ တိုင်ကြားပါက အကြောင်းမထူးဟုဆိုကာ တိုင်ကြားခြင်း မပြုဘဲနေကြသည်များလည်းရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ခိုးဝင်ပြီး အွန်လိုင်းလောင်းကစား၊ အွန်လိုင်းမှ ငွေကြေးလိမ်လည်မှု၊ ငွေကြေးခဝါချမှုနှင့် လူခိုးသွင်းမှုတို့ကို ကျူးလွန်နေသည့် တရုတ်နိုင်ငံသားများအနက်မှ (၉)ဦးကို တရုတ်နိုင်ငံ ဟူပေခရိုင်တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ရကြောင်းကိုလည်း ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၉) ရက်နေ့တွင် တရုတ်နိုင်ငံ သတင်းဌာနများက သတင်းထုတ်ပြန်ထားခဲ့သည်ကို တွေ့ရသည်။

တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ဖြင့် နယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တာချီလိတ်မြို့တွင် တရုတ်နိုင်ငံသားအများစုလုပ်ကိုင်သည့် တရားမဝင် လောင်းကစားလုပ်ငန်းပေါင်းစုံကို နည်းလမ်းမျိုးစုံဖြင့် နှစ်ပေါင်းများစွာလုပ်ကိုင်နေကြပြီး ၂၀၂၀ ခုနှစ်အတွင်းက ဟိုတယ်ကြီးများ၌ တရားမဝင်ဖွင့်လှစ်ထားသည့် ကာစီနိုများအပါအဝင် လောင်းကစားလုပ်ငန်းများအား တင်းကြပ်ရန်ကြိုးစားခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် အရေအတွက် ပို၍များပြားလာသည်ဟု ဒေသခံများထံမှ သိရသည်။

အာဏာသိမ်းတဲ့နေ့ကတည်းက လောင်းကစားတွေရော ကိုဗစ်ကြောင့် ပိတ်ခိုင်းထားတဲ့ နိုက်ကလပ်တွေ၊ ဘားတွေကအစ အကုန်ပြန်ဖွင့်ခွင့်ပေးလိုက်တာ။ နိုင်ငံရေးမလုပ်နဲ့ ကျန်တာလုပ်လို့ရတယ်ဆိုပြီး ဖွင့်ခွင့်ပေးထားတာပဲ။ အခုဆို တရုတ်အွန်လိုင်းတွေ၊ လောင်းကစားတွေ ပေါမှပေါ။ ဒီဘက်က ချောင်တော့ တရုတ်တွေ၊ ထိုင်းဘက်ကရော အကုန်လှိမ့်ဝင်လာတာပဲ

ဟု တာချီလိတ်ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများနှင့် တရုတ်လုပ်ငန်းရှင်များအပေါ် လုံခြုံရေးတိုးမြှင့်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်းက အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ ၂၀၂၁ ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့ ညနေ(၄)နာရီအချိန်က ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း သတင်းများထွက်လာပြီးနောက် စက်တင်ဘာလ (၂၀) ရက်နေ့တွင် တရုတ်စီမံကိန်းများနှင့် တရုတ်လုပ်ငန်းရှင်များ၏ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ပေးထားရန် တိုင်းနှင့်ပြည်နယ်များရှိ ရဲတပ်ဖွဲ့ဝင်များအားလုံးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က လျှို့ဝှက် ညွှန်ကြားချက်ပို့ခဲ့သည်ကို တွေ့ရသည်။

 

ဆက်စက်သတင်း