မြန်မာနိုင်ငံသို့ ခိုးဝင်ပြီး အွန်လိုင်းလောင်းကစား၊ တယ်လီကွန်းမှ ငွေကြေးလိမ်လည်မှု၊ ငွေကြေးခဝါချမှု၊ လူခိုးသွင်းမှုတို့ကို လုပ်ကိုင်ခဲ့သည့် တရုတ်နိုင်ငံသား (၉)ဦးကို ပြစ်ဒဏ်ချ

ပေဟူခရိုင် တရားရုံးတွင် စစ်ဆေးစဉ် Photo: bhqfy.chinacourt.gov
ပေဟူခရိုင် တရားရုံးတွင် စစ်ဆေးစဉ် Photo: bhqfy.chinacourt.gov
မြန်မာနိုင်ငံသို့ ခိုးဝင်ပြီး အွန်လိုင်းလောင်းကစား၊ တယ်လီကွန်းမှ ငွေကြေးလိမ်လည်မှု၊ ငွေကြေးခဝါချမှု၊ လူခိုးသွင်းမှုတို့ကို လုပ်ကိုင်ခဲ့သည့် တရုတ်နိုင်ငံသား (၉)ဦးကို ပြစ်ဒဏ်ချ
အောက်တိုဘာ 29, 2021 | နိုင်ငံတကာသတင်း

 

မြန်မာနိုင်ငံသို့နယ်စပ်မှ ခိုးဝင်ပြီး အွန်လိုင်းလောင်းကစား၊ တယ်လီကွန်းငွေကြေးလိမ်လည်မှု၊ လောင်းကစားငွေ ခဝါချမှု၊ မြန်မာနှင့်လာအိုသို့ တရုတ်နိုင်ငံသားများ ခိုးသွင်းမှု လုပ်ဆောင်ခဲ့သည့် တရုတ်နိုင်ငံသား (၉)ဦးကို တရုတ်နိုင်ငံ၊ ပေဟူခရိုင်တွင် ယခုရက်ပိုင်းအတွင်း ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ အမှုများမှာ တရုတ်နိုင်ငံ ဟူနန်ပြည်နယ်၊ ချိန်ကျုံးမြို့၊ ပေဟူခရိုင် တရားရုံးတွင် စစ်ဆေးနေသည့်အမှုများ ဖြစ်ကြပြီး တရားခံများကို ထောင်ဒဏ် (၂)နှစ်မှ (၃) နှစ်အထိနှင့် ဒဏ်ငွေ ယွမ် (၃၀၀၀)မှ (၆၀၀၀)အထိ ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု တရုတ်သတင်းစာ ပေါက်ဖေါ်က ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၉) ရက်နေ့တွင် သတင်းဖေါ်ပြသည်။

အဆိုပါ တရားခံ (၉)ဦးမှာ မြန်မာနိုင်ငံတွင်းသို့ နယ်စပ်မှ ခိုးဝင်ကာ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့နယ်၊ အထူးဒေသ (၂) “ဝ”ဒေသ မိုင်းပေါက်ခရိုင်နှင့် အခြားဒေသများတွင် အခြေချ၍ အွန်လိုင်းလောင်းကစားလုပ်ငန်း၊ တယ်လီကွန်းအသုံးပြု၍ ငွေကြေးလိမ်လည်ခြင်း၊ လောင်းကစားငွေကြေး ခဝါချခြင်း၊ မြန်မာနှင့်လာအိုရှိ တရားမဝင်လုပ်ငန်းများအတွက် တရုတ်နိုင်ငံသားများကို ခိုးသွင်းခြင်းတို့ကို လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ပထမတရားခံ လီမုန်ယုံသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် အွန်လိုင်းမှသိရသည့် ကိုယုံ (တရား မစွဲဆိုရသေး)၏ စီစဉ်ပေးမှုဖြင့် မြန်မာနိုင်ငံတွင်း ခိုးဝင်ကာ အထူးဒေသ (၂) “ဝ”ဒေသ မိုင်းပေါက်တွင် လောင်းကစားဝိုင်း၌ လုပ်ကိုင်ခဲ့ပြီးနောက် ကိုယုံနှင့်ချိတ်ဆက်ကာ တရုတ်နိုင်ငံသား (၅) ဦးကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၄) ရက်မှ ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီ (၁၃) ရက်အထိ အခမဲ့အလည်အပတ်နှင့် အလုပ်အကိုင်ဟုဆိုကာ ဆစ်ဆောင်ပနားမှတစ်ဆင့် မိုင်းပေါက်သို့ ခေါ်ဆောင်ကာ ဟုန်မိန်လောင်းကစားဝိုင်းတွင် အလုပ်သွင်းပေးခဲ့ကြောင်း သိရသည်။

ဒုတိယ တရားခံ ဟယ်မုန်ဝေက  ၂၀၂၀ ခုနှစ်၊ ဧပြီလဆန်းပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်ဒေသသို့ သွားရောက်ပြီး စာကလေး (အမှုမစွဲဆိုရသေး) ဆိုသူထံတွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီးနောက် စာကလေးနှင့်သဘောတူညီချက်အရ တရုတ်နိုင်ငံသား (၄) ဦးကို တစ်လလျှင် လစာ ယွမ် (၈၀၀၀) ပေးမည်ဟုဆိုကာ အွန်လိုင်းမှ လူစုဆောင်းကာ အထူးဒေသ (၂) “ဝ”ဒေသ မိုင်းပေါက်မှတစ်ဆင့် ခိုးသွင်းကာ မိုင်းနောင်ဒေသရှိ အွန်လိုင်းမှလိမ်လည်သည့်လုပ်ငန်းတွင် လုပ်ကိုင်စေခဲ့ကြောင်း သိရသည်။

တတိယတရားခံ ရှောင်းမုန်ကျွင်းကလည်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၆)ရက်နေ့တွင် အွန်လိုင်းမိတ်ဆွေ ဖက်တီး (ထွက်ပြေးတိမ်းရှောင်နေသူ)နှင့် ချိတ်ဆက်၍ တရုတ်နိုင်ငံသား (၅)ဦးကို မြန်မာနိုင်ငံရှိ လောင်းကစားလုပ်ငန်းအတွက် ခိုးသွင်းပေးခဲ့ကြောင်း သိရသည်။

စတုတ္ထ တရားခံဟယ်မုန်ပင်းသည် မြန်မာနိုင်ငံတွင် နေထိုင်သူဖြစ်ပြီး ၎င်း၏ အထက် လုပ်ဖောင်ကိုင်ဖက် အားဝေ (ထွက်ပြေးတိမ်းရှောင်နေသူ)နှင့်ချိတ်ဆက်၍ ၂၀၂၀ ခုနှစ်၊ မေလဆန်းပိုင်းတွင် ပဥ္စမတရားခံ လျောက်မုံအပါအဝင် အခြားသူများကို ဆက်သွယ်စည်းရုံးကာ မြန်မာနိုင်ငံရှိ လောင်းကစားလုပ်ငန်းများမှ ငွေကြေးခဝါချခြင်းကို လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ယင်းနောက် စတုတ္ထ တရားခံ ဟယ်မုန်ပင်းသည် ၂၀၂၀ ခုနှစ်၊ မေလ (၇) ရက်နေ့တွင်  ပဥ္စစမတရားခံ လျောက်မုံအား ခိုးဝင်သူများအတွက် စရိတ်အဖြစ် ယွမ်ငွေ (၅၀ဝ၀ဝ) ပေးကာ ယူနန်ပြည်နယ်၊ စစ်ဆောင်ပန်နားမှတစ်ဆင့် တရုတ်နိုင်ငံသားများကို မြန်မာနိုင်ငံသို့ ခိုးသွင်းကြကြောင်း သိရသည်။

ဆဌမတရားခံ လျှိုမုန်ချန်က မြန်မာဘက်တွင် လစာမြင့်အလုပ်အကိုင်ရမည်ဟုဆိုကာ တရုတ်နိုင်ငံသား (၇) ဦးကို အွန်လိုင်းမှချိတ်ဆက်ကာ ၂၀၂၀ ခုနှစ်၊ ဇွန်လတွင် မြန်မာနိုင်ငံတွင်း ခိုးသွင်းပေးခဲ့ကြောင်း သိရသည်။

သတ္တမ တရားခံ ကိုကျူးသည် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတွင် မြန်မာနိုင်ငံသို့ ခိုးဝင်ပြီး ပြည်ပလိမ်လည်မှု ဂိုဏ်းအဖွဲ့ဝင် လီမုန်ဝိန် (အခြားအမှုဖြင့်စီရင်စွဲဆို)နှင့် ချိတ်ဆက်ပြီးနောက် တရုတ်နိုင်ငံဘက်မှ အဌမ တရားခံ လီမုန်ဟွာအကူအညီဖြင့် တရုတ်နိုင်ငံသား (၃) ဦးကို လစာ ယွမ် (၇၀၀၀)ရမည်ဟုဆိုကာ ဩဂုတ်လအတွင်းက လာအိုနိုင်ငံဘက်ရှိ တယ်လီကွန်းဆက်သွယ်ရေးလိမ်လည်မှုလုပ်ငန်းအတွက် နယ်စပ်ဖြတ်ကျော် ခိုးသွင်းပေးခဲ့ကြောင်း သိရသည်။

    

နဝမတရားခံ ကိုဟယ်ကလည်း၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် ၄င်း၏ ခဲအိုဖြစ်သူ လီမုန်တုန်း(အခြားအမှုဖြင့် စီရင်စွဲဆိုခံထားရသူ)နှင့် ချိတ်ဆက်ပြီး စုစုပေါင်း အလုပ်အကိုင်ရှာဖွေသူ (၇) ဦးကို ခိုးဝင်စရိတ်အပါအဝင် လစာ ယွမ် (၆၀၀၀) ဖြင့် ရှာဖွေကာ မြန်မာနိုင်ငံသို့ ခိုးသွင်းပြီး တယ်လီကွန်းဆက်သွယ်ရေးအသုံးပြု လိမ်လည်မှုများ လုပ်ခဲ့ကြောင်း သိရသည်။

ယခုပြစ်ဒဏ်ချခံထားရသည့် တရားခံ လီမုန်ယုံ၊ ဟယ်မုန်ဝေ၊ ရှောင်မုန်ကျွင်း၊ ဟယ်မုန်ပင်း၊ လျောက်မုံ၊ လျှိုမုန်ချန်၊ ကိုကျူး၊ လီမုန်ဟွာ နှင့် ကိုဟယ်တို့သည် ၂၀၁၉ ခုနှစ် ဇူလိုင်လမှ ၂၀၂၀ ခုနှစ် နိုဝင်ဘာလအထိ ကာလများအတွင်း နယ်စပ်ဖြတ်ကျော် ကျူးလွန်ခဲ့သည့် ပြစ်မှု (၇)မှုနှင့် ဆက်စပ်၍ တရုတ်နိုင်ငံတွင် တရားစီရင်ခံရသူများဖြစ်ကြသည်။