နိုင်ငံအတွင်း တရုတ်စီမံကိန်းများနှင့် တရုတ်လုပ်ငန်းရှင်များ၏ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ပေးရန်  တိုင်းနှင့်ပြည်နယ်များရှိ ရဲတပ်ဖွဲ့များအား  ရဲချုပ်ရုံးက လျှို့ဝှက် ညွှန်ကြားထား

နိုင်ငံအတွင်း တရုတ်စီမံကိန်းများနှင့် တရုတ်လုပ်ငန်းရှင်များ၏ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ပေးရန်  တိုင်းနှင့်ပြည်နယ်များရှိ ရဲတပ်ဖွဲ့များအား  ရဲချုပ်ရုံးက လျှို့ဝှက် ညွှန်ကြားထား
စက်တင်ဘာ 22, 2021

မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများနှင့် လုပ်ငန်းရှင်များ၏ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ပေးထားရန် တိုင်းနှင့်ပြည်နယ်များရှိ ရဲတပ်ဖွဲ့ဝင်များအားလုံးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ၂၀၂၁ခုနှစစ် စက်တင်ဘာလ(၂၀)ရက်နေ့တွင် လျှို့ဝှက် ညွှန်ကြားထားကြောင်း Tachileik News Agency ၏ ခိုင်မာသည့် သတင်းရင်းမြစ်များထံက သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်း နှင့် အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ ပြီးခဲ့သည့် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့ ညနေ(၄)နာရီအချိန်က ဖုန်းဖြင့် ဆွေးနွေးမှုများ ပြုလုပ်စဉ် မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများနှင့် တရုတ်လုပ်ငန်းရှင်များအပေါ် လုံခြုံရေးတိုးမြှင့်ပေးရန် တရုတ်ဘက်က ပြောကြားလာသည့်အတွက် ဦးဝဏ္ဏမောင်လွင်က ပြည်ထဲရေးဝန်ကြီးဌာနသို့ ပြန်လည်အသိပေးပြီးနောက် ယခုလို လုံခြုံရေးတိုးမြှင့်ပေးရန် ထပ်ဆင့် ညွှန်ကြားထားခြင်း ဖြစ်သည်။

တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်းက "မြန်မာနိုင်ငံအတွင်းရှိ ရေအားလျှပ်စစ် စီမံကိန်း နှင့်  ရေနံနှင့်သဘာဝဓါတ်ငွေ့စီမံကိန်း အပါအဝင် တရုတ်စီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းရှင်များ၏ လုံခြုံရေးကို ဆောင်ရွက်ပေးနေသည်ကို ကျေးဇူးတင်သလို တကောင်းတောင် နီကယ်စက်ရုံတွင် အလုပ်သမားများဆန္ဒပြမှုများနှင့် ပတ်သက်၍လည်း နိုင်ငံရေးအရ နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုများရှိသည့်အတွက် ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းပေးရန် နှင့် လုံခြုံရေးများကို ပိုမိုဆောင်ရွက်ပေးရန်" ဖုန်းဆက်ပြောခြင်း ဖြစ်သည်။

ယင်းသို့ ပြောကြားလာမှုနှင့် ပတ်သက်ပြီး ဦးဝဏ္ဏမောင်လွင်က ခြိမ်းခြောက်မှုများရှိပါက အသိပေးလာပါရန် နှင့် ကြိုတင်ကာကွယ်ပေးခြင်း၊ စုံစမ်းစစ်ဆေးအရေးယူမှုများ ပြုလုပ်ပေးသွားမည်ဟု ပြန်လည် ဖြေကြားသည်ဟု သိရသည်။

ရဲချုပ်ရုံးကနေ ညွှန်ကြားချက်ဝင်ထားတယ်။ အဓိက ကတော့ တရုတ်စီမံကိန်းတွေ နဲ့ လုပ်ငန်းတွေမှာ လုံခြုံရေး တိုးမြှင့်ပေးဖို့ပါ

ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးက Tachileik News Agency သို့ ပြောသည်။

မြန်မာနိုင်ငံအတွင်း တရုတ်ပိုင် စီမံကိန်းများစွာထဲက မန္တလေးတိုင်းဒေသကြီးအတွင်း  တကောင်းတောင် နီကယ်စီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံး နီကယ်ထုတ်လုပ်ရေးစီမံကိန်း တစ်ခုဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရင်းနှီးမြှပ်နှံထားသည့် လုပ်ငန်းဖြစ်သည်ဟု သိရသည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်ခရိုင်အတွင်း၌လည်း ရွှေနှင့်သတ္တူကုမ္ပဏီများတွင် မြန်မာနိုင်ငံသားများက ကုမ္ပဏီပိုင်ရှင်အဖြစ် အမည်ခံထားပြီး တရုတ်နိုင်ငံသားများ လုပ်ကိုင်နေသည်မှာလည်း များစွာရှိပြီး တာချီလိတ်အနေဖြင့် ရွှေနှင့်သတ္တူတူးဖော်ခြင်း လုပ်ငန်းအပြင် လောင်းကစားလုပ်ငန်းကိုပါ တရုတ်နိုင်ငံသားများက နယ်ချဲ့လာနေသည်။

#TachileikNewsAgency