တာချီလိတ်မြို့နယ်အတွင်း ဝမ်ဆောက်ခုံကျေးရွာသစ်တွင် ဒုတိယအကြိမ်မြောက် ဓါးပြတိုက်ခံရ

တာချီလိတ်မြို့နယ်အတွင်း ဝမ်ဆောက်ခုံကျေးရွာသစ်တွင် ဒုတိယအကြိမ်မြောက် ဓါးပြတိုက်ခံရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝမ်ဆောက်ခုံကျေးရွာသစ်တွင် ဒုတိယအကြိမ်မြောက်အဖြစ် ဓါးပြတိုက်ခံရမှု နိုဝင်ဘာလ(၁၃)ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝမ်ဆောက်ခုံကျေးရွာတွင် ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၃)ရက်နေ့ နေ့လည်(၁)နာရီဝန်းကျင်အချိန်က ဓါးပြတိုက်ခံရမှု ဖြစ်ပွားခြင်း ဖြစ်ပြီး ဓါးပြတိုက်ခံရမှုကြောင့် ထိုင်းဘတ်ငွေရွှေ(၁၂)ဘတ်သား နှင့်  ငွေဟောင်ဒင်္ဂါးပြား(၃၀)ပြား အပါအဝင် ထိုင်းဘတ်ငွေ(၇)သိန်းကျော်  ပါသွားကြောင်း  သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် မျက်နှာဖုံးစွပ်ထားသည့် အမျိုးသား(၂)ဦးက ဆိုင်ကယ်ဖြင့် လာရောက်ခြင်းဖြစ်ပြီး သေနတ်များလည်း ကိုင်ဆောင်ထားသည်ဟု သိသည်။

မိုင်းဖုန်းဒေသအား မိုင်းဖုန်း(က) နှင့် မိုင်းဖုန်း(ခ)အဖြစ် ကျေးရွာအုပ်စု (၂)စုခွဲထားပြီး မိုင်းဖုန်းဒေသတွင် ကျေးရွာစုစုပေါင်း (၄၃)ရွာရှိနေရာ ယခုလို ဖြစ်စဉ်မျိုး ယခင်ကလည်း ဖြစ်သည်ဟု သိရသော်လည်း ဖြစ်ပွားမှုများကို သက်ဆိုင်ရာများက မသိကြကြောင်း သိရသည်။ 

ပြီးခဲ့သည့် ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၀)ရက်နေ့ကလည်း မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝမ်ဆောက်ခုံရွာသစ်မှာပင်တွင် လူတစ်စုမှ နေအိမ်အတွင်းဝင်ရောက်ကာ အိမ်ရှင်အမျိုးသမီးကို ကြိုးဖြင့်တုပ်ပြီး ရွှေငွေပစ္စည်းများ ဆောင်ယူသွားလည်း ဖြစ်ပွားသည့် အတွက် ယခုကာလအတွင်း၌ ဝမ်ဆောက်ခုံရွာသစ်တွင် ဓါးပြတိုက်ခံရမှု ဒုတိယအကြိမ်ဖြစ်သည်။

 မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝမ်ဆောက်ခုံရွာသစ်တွင် နိုဝင်ဘာလ(၁၃)ရက်နေ့က ဓါးပြမှုဖြစ်ပွားခဲ့သလို နိုဝင်ဘာလ(၁၄)ရက်နေ့တွင်လည်း တာချီလိတ်မြို့ပေါ် ဝိန်းကျောက်ရပ်ကွက်အတွင်း ဓါးပြမှုဖြစ်ပွား၍ ရွှေထည်ပစ္စည်းများနှင့် ကားတစ်စီး ပါသွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

တာချီလိတ်မြို့နယ်အတွင်း ဓါးပြတိုက်မှုများအနေဖြင့် စက်တင်ဘာလ(၁၃)ရက်နေ့က တစ်ကြိမ်၊ အောက်တိုဘာလ(၅)ရက်နေ့က တစ်ကြိမ်၊ အောက်တိုဘာလ(၂၀)ရက်နေ့က တစ်ကြိမ်၊ နိုဝင်ဘာလ(၁၃)ရက်နေ့က တစ်ကြိမ် နှင့် နိုဝင်ဘာလ(၁၄)ရက်နေ့က တစ်ကြိမ် ဓါးပြမှုများ ဖြစ်ပွားခဲ့ပြီး ဝိန်းကျောက်ရပ်ကွက်(တော်ကော့တွင်း)နှင့် ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းတို့တွင်လည်း မတ်လနှင့်ဧပြီလများအတွင်းက ဖြစ်ပွားခဲ့သည်များလည်း ရှိကြောင်း သိရသည်။

"တာချီလိတ်မှာတော့ ခိုးဆိုးလုယက်တွေကတော့ အတော်လေးအတင့်ရဲလာတာကို စစ်တိုင်းမှူးကလည်း သိတယ်။ ပြည်နယ်ကလည်း သိပါတယ်။ သိသိနဲ့ ပြည်သူတွေအပေါ် ဒုစရိုက်မှု ကျဆင်းရေးကိုတော့ ဖိအားပေးစေခိုင်းတာတွေမရှိတာတော့ အံ့ဩဖို့ ကောင်းတယ်။ ဒေသခံ ဆိုတဲ့အတိုင်း ဒေသကလူတွေပဲ ခံနေရတော့ ပြည်သူတွေကလည်း ခုလိုတွေ ဖြစ်ရင် သူတို့ကို အသိပေးအကြောင်းကြားတာတွေ မလုပ်ချင်တော့ဘူး။ လုပ်ရင်လည်း ကောင်းကောင်းမွန်မွန် ဆက်ဆံခံရတာမရှိသလို ဖော်ထုတ်ရမတာလည်းမရှိဘူးလေ။ စိတ်ပင်ပန်းရပါတယ်ဗျာ။ ကျွန်တော့်တစ်ဦးတည်းအနေနဲ့ကလည်း အကြံပေးလို့ မရဘူး။ နီးစပ်သူတွေကလည်း တွန်းတွန်းတိုက်တိုက် အကြံပေးတာတွေ လုပ်သင့်တယ်"ဟု အမည်မဖော်လိုသည့် လုပ်ငန်းရှင်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့တွင် ခိုးမှုများဖြစ်ပွားရာကနေ လုယက်မှုများအပြင် ဓါးပြတိုက်မှုများအထိပါ အတင့်ရဲစွာ ဖြစ်ပွားနေသော်လည်း နိုင်ငံ့အာဏာသိမ်းခံရသည့် ကာလအတွင်း စစ်တပ်ကို ဆန့်ကျင်သည့် ပြည်သူများကိုသာ စစ်တပ်အင်အား  နှင့် ရဲတို့ ပူးပေါင်းပြီး ဖမ်းဆီးမှုရှိသော်လည်း ခိုးဆိုလုယက်ဓါးပြတိုက်မှုများကိုတော့ ၎င်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိ၍ ဖမ်းဆီးရမိနိုင်စွမ်းမရှိချေ။

 

ဆက်စပ်သတင်း