တာချီလိတ်မြို့ပေါ်တွင် နေ့ခင်းပိုင်းအချိန်အတွင်း သေနတ်ကိုင်လူတစ်စုမှ နေအိမ်အတွင်းဝင်ရောက်ကာ ဓါးပြတိုက်သွား

တာချီလိတ်မြို့ပေါ်တွင် နေ့ခင်းပိုင်းအချိန်အတွင်း သေနတ်ကိုင်လူတစ်စုမှ နေအိမ်အတွင်းဝင်ရောက်ကာ ဓါးပြတိုက်သွား

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် နေ့လယ်ခင်းအချိန်အတွင်း သေနတ်ကိုင်လူတစ်စုက ဓါးပြဝင်တိုက်ပြီး ရွှေထည်ပစ္စည်း၊ ငွေနှင့် ကားတစ်စီး ယူဆောင်သွားကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးတွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့ နေ့လယ် (၁) နာရီခွဲဝန်းကျင်အချိန်က ထိုင်းစကားပြောသည့် သေနတ်ကိုင် အမျိုးသား (၅) ဦးက ဓါးပြဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓါးပြဝင်တိုက်ချိန်တွင် အဆိုပါနေအိမ်၌ အိမ်ရှင်ဇနီးမောင်နှံအပါအဝင် လူ (၃) ဦးရှိနေကြောင်း သိရပြီး အိမ်ရှင်အမျိုးသားအား ကြိုးဖြင့်တုပ်ကာ နေအိမ်ရှိအမျိုးသမီး (၂) ဦးကို သေနတ်ဖြင့်ချိန်ပြီး မီးခံသေတ္တာများကို ဖွင့်ခိုင်းခြင်း၊ ဗီဒိုများကို ဖွင့်ခိုင်းခြင်းများ ပြုလုပ်ပြီး ရွှေ (၁၀) ဘတ်သားဝန်းကျင်၊ ငွေသားအချို့နှင့် Crown အမျိုးအစား အနက်ရောင်မော်တော်ယာဉ်တစ်စီးတို့ကို ယူဆောင်သွားသည်ဟု အနီးဝန်းကျင်များထံက သိရသည်။ 

တာချီလိတ်မှာ အခုက လုယက်မှုတွေ၊ ဓါးပြမှုတွေ ခဏ ခဏဖြစ်လာတယ်။ ဖြစ်လာရင်လည်း ရဲတိုင်လည်း မထူးဘူး အလုပ်ပဲပိုရှုပ်တော့ မပြောကြဘူး။  ပြီးခဲ့တဲ့ တစ်ပတ်ကျော်တုန်းကဆိုရင်လည်း မယ်ခေါင်ရပ်ကွက်ထဲက လားဟူဈေးနားမှာ  ပိုက်ဆံအိတ် လုတာလည်း ဖြစ်သွားသေးတယ်။ အဲဒါလည်း မပြောရဲကြဘူး

ဟု တာချီလိတ် ဒေသခံတစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၁၇)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင် အာဏာသိမ်းကာလအတွင်း ဖြစ်ပွားခဲ့သည့် ဓါးပြမှုများအနက် Tachileik News Agency သို့ အသိပေးအကြောင်းကြားလာသည့် ဖြစ်စဉ်များမှာ ၂၀၂၁ခုနှစ် စက်တင်ဘာလ (၁၃)ရက်နေ့ နံနက်အစောပိုင်းက တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း ဘိုးဘွားရိပ်သာအနီးရှိ နေအိမ်တစ်အိမ်တွင် လည်းကောင်း၊  အောက်တိုဘာလ(၅)ရက်နေ့က တာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားအနီး  မြရွှေစင်ငွေလဲလုပ်ငန်း လုပ်ကိုင်နေသည့် နေအိမ်တွင် လည်းကောင်း၊   မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝမ်ဆောက်ခုံရွာသစ်တွင် လူတစ်စုမှ နေအိမ်အတွင်းဝင်ရောက်ကာ အိမ်ရှင်အမျိုးသမီးကို ကြိုးဖြင့်တုပ်ကာ ရွှေငွေပစ္စည်းများ ဆောင်ယူသွားမှု  အောက်တိုဘာလ(၂၀)ရက်နေ့ နံနက်(၁၁)နာရီကျော်အချိန်ကလည်းကောင်း ဖြစ်ပွားခဲ့သည်များရှိခဲ့သလို ဝိန်းကျောက်ရပ်ကွက်(တော်ကော့တွင်း)နှင့် ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းတို့လည်း မတ်လနှင့်ဧပြီလများအတွင်းက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များရှိသည်ဟု နောက်ပိုင်းတွင် သိရသော်လည်း တာချီလိတ်တွင် ဖြစ်ပွားသည့် ဓါးပြမှုများကို ဖော်ထုတ် ဖမ်းဆီးရမိခြင်း မရှိကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးမှု၊ ကားခိုးမှုများအပြင် ဓါးပြတိုက်မှုများလည်း ဖြစ်ပွားမှုများလာပြီး အချို့မှာ ရဲစခန်းကို တိုင်ကြားခြင်းမရှိကြတော့ကြောင်း သိရသည်။

ဆက်စပ်သတင်း

တာချီလိတ်မြို့လယ်ခေါင်မှာ ဖြစ်ပွားတဲ့ အနုကြမ်းစီး ဓါးပြတိုက်မှု