မိုင်းယန်းမြို့နယ်အဝင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား COVID 19 စစ်ဆေးခ ကျပ် ၇၀၀၀ မှ ၁၂၀၀၀ အထိ အမျိုးမျိုးကောက်ခံနေ 

မိုင်းယန်းမြို့နယ်အဝင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား COVID 19 စစ်ဆေးခ ကျပ် ၇၀၀၀ မှ ၁၂၀၀၀ အထိ အမျိုးမျိုးကောက်ခံနေ 
နိုဝင်ဘာ 15, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယန်းမြို့နယ်အတွင်းဝင်မည့် ယာဉ်မောင်း၊  ယာဉ်နောက်လိုက်များအား COVID 19 စစ်ဆေးခကို ကျပ် (၇၀၀၀)မှ ကျပ် (၁၂၀၀၀) အထိ ကောက်ခံနေကြောင်း သိရသည်။

မိုင်းယန်းမြို့နယ်တွင်း ဝင်လာသည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား COVID 19 TestKit ဖြင့် စစ်ဆေးပေးခြင်းအား တစ်ဦးလျှင် ကျပ် (၅၀၀၀) နှုန်းဖြင့် ကောက်ခံမည်ဟုဆိုသော်လည်း မြေပြင်တွင် ကျပ် (၇၀၀၀)မှ ကျပ် (၁၂၀၀၀) အထိ ကောက်ခံနေသည်ဟု သိရသည်။

 

မြို့အဝင်ဂိတ်မှာ ကျိုင်းတုံကနေ မိုင်းယန်းလာတဲ့ ကားသမားတွေကို မြေပြင်မှာက  ၇၀၀၀/ ၁၀၀၀၀/ ၁၂၀၀၀ နဲ့ ကောက်ခံနေပါတယ်။ မြေပြင် လက်ရှိအခြေအနေပါ

ဟု မော်တော်ယာဉ်မောင်းတစ်ဦးက Tachileik News Agency သို့ ပြောသည်။



မိုင်းယန်းမြို့နယ်အတွင်း ဝင်လာသည့် ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်များ၏ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား COVID 19 TestKits ဖြင့် စစ်ဆေးပေးပြီး တစ်ဦးလျှင် ကျပ် (၅၀၀၀) ကောက်ခံရန်နှင့် လိုက်နာခြင်းမရှိပါက အရေးယူရန်ဟု မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ အာဏာသိမ်းအဖွဲ့၏ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့ နေ့စွဲဖြင့် အကြောင်းကြားထားသည်ကို တွေ့ရသည်။

ယင်းအပြင် မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်ပုဂ္ဂလိကယာဉ်လုပ်ငန်းကြီးကြပ်ရေးကော်မတီတို့ကို နေ့စဉ် ယာဉ်အဝင်အထွက်စာရင်းများအား ကြပ်မတ်ဆောင်ရွက်ရန်နှင့် စစ်ဆေးခြင်းမရှိဘဲ ယာဉ်များ၊ လူများကို မြို့တွင်းဝင်ခွင့်မပေးရန်ဟု အကြောင်းကြားထားသည်ကိုလည်း တွေ့ရသည်။