တာချီလိတ်မြို့တွင် (၁၀)တန်း စာမေးပွဲ ကာလအတွင်း KTV နှင့် Club များ (၉)ရက်နေ့အထိ ယာယီပိတ်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ညွှန်ကြားထားသော်လည်း လိုက်နာခြင်းမရှိ

တာချီလိတ်မြို့တွင် (၁၀)တန်း စာမေးပွဲ ကာလအတွင်း KTV နှင့် Club များ (၉)ရက်နေ့အထိ ယာယီပိတ်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ညွှန်ကြားထားသော်လည်း လိုက်နာခြင်းမရှိ
ဧပြီ 5, 2022 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသက တာချီလိတ်မြို့တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်၏ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေသည့်ကာလအတွင်း ဧပြီလ(၉)ရက်နေ့အထိ KTV နှင့် Club များ ပိတ်ထားရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာများကို ညွှန်ကြားထားသော်လည်း လိုက်နာခြင်းမရှိဘဲ နေ့စဉ် ဖွင့်လှစ်နေလျက်ရှိသည်ဟု ကျောင်းသားမိဘများထံကသိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကနေပြီး ဒီ စာမေးပွဲ ကာလအတွင်းမှာ KTV တွေ Club  တွေ (၉)ရက်နေ့အထိ ယာယီပိတ်ထားဖို့ ညွှန်ကြားထားတယ်ဆိုတဲ့ သတင်းဖတ်ရတယ်။ တကယ့်မြေပြင်မှာက တကယ်လိုက်နာဆောင်ရွက်တာ မတွေ့ရဘူး။ ဌာနအချင်းချင်း မလေးစားတာလား။ စာရွက်ပေါ်မှာပဲ အလုပ် လုပ်ကြတာလားတော့မသိဘူး။ နေ့တိုင်း ဖွင့်နေ့တာပဲ။

ဟု ကျောင်းသားမိဘတစ်ဦးက Tachileik News Agency သို့ ဧပြီလ(၅)ရက်နေ့တွင် ပြောသည်။ 

၂၀၂၂ - ၂၀၂၃ ပညာသင်၏  တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၂ခုနှစ် မတ်လ(၃၁)ရက်နေ့က စတင်ကာ ဖြေဆိုနေကြပြီး ဧပြီလ(၉)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည့်အတွက်  စာမေးပွဲကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ စာကျက်ရာတွင် စိတ်အနှောက်အယှက်မဖြစ်စေရန် KTV , Club  နှင့် စင်တင်တေးဂီတ စားသောက်ဆိုင်များအားလုံး ပိတ်ထားစေပြီး ဧပြီလ(၁၀)ရက်နေ့မှသာ ပြန်လည်ဖွင့်လှစ်ရန် အသိပေးထားကြောင်း သိရသည်။

 

ထွေအုပ်ကတော့ အထက်က ခိုင်းလို့သာ စာထွက်ရတယ်လို့ ကြားတယ်။ နောက်ပြီး ရဲကလည်း တခြားမှာ စစ်ဆေးတယ်ဆိုတဲ့ သဘောနဲ့ အစစ်ပြတယ်တဲ့ ဟိုတယ်တွေမှာ ဖွင့်တဲ့ KTV တွေမှာတော့ အစစ် မပြရဲဘူး ပိုင်ရှင်တွေက စစ်ကောင်စီတပ်နဲ့ နီးစပ်တော့ ကြောက်ကြလို့ မတားမြစ်ရဲဘူးလို့ တချို့ ရဲအရာရှိတွေက ပြောတယ်။

ဟု အမည်မဖော်လိုသူ ဌာနဆိုင်ရာများနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

စာမေးပွဲကာလအတွင်း KTV နှင့် Club များ သတ်မှတ်ကာလအတွင်း ဖွင့်လှစ်ထားပါက မြို့မရဲစခန်း( 09 4004 00788)နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ တိုင်ကြားနိုင်ကြောင်း အသိပေးထားသော်လည်း တိုင်ကြားလာမှုများ မရှိဟုလည်း သိရသည်။

တာချီလိတ်မြို့တွင် စာမေးပွဲကာလအတွင်း KTV နှင့် Club များ ယာယီပိတ်ရန် စာထုတ်ညွှန်ကြားထားသည်များရှိသလို ညမထွက်ရအမိန့်လည်း ဆက်လက်ရှိနေသော်လည်း လက်တွေ့မြေပြင်တွင် ၎င်းတို့ ထုတ်ပြန်ထားသည့် ဥပဒေနှင့်မညီ ဖြစ်နေသည်ဟု သိရသည်။

 

ဆက်စပ်သတင်း

(၁၀)တန်းစာမေးပွဲ ကာလအတွင်း ကျောင်းသားများ စာအေးဆေးကျက်နိုင်ရန် KTV , Club များ ပိတ်ရန် ညွှန်ကြားထားသည့် တာချီလိတ်မြို့တွင် စစ်တပ်က အသံမစဲပဋ္ဌာန်းရွတ်ပွဲ ကျင်းပ