ပူတင်ကို ဖမ်းဆီးရန် ကြိုးပမ်းမှုမှန်သမျှက ရုရှားကို စစ်ကြေညာခြင်း ဖြစ်လိမ့်မည်ဟု  ခြိမ်းခြောက် ပြောဆို

ရုရှားသမ္မတ ပူတင် နှင့်  ဒီမီထရီ မက်ဗီဒက်ဗ် တို့ကို တွေ့ရစဉ် [ Photo: Sputnik/Dmitry Astakhov ]
ရုရှားသမ္မတ ပူတင် နှင့် ဒီမီထရီ မက်ဗီဒက်ဗ် တို့ကို တွေ့ရစဉ် [ Photo: Sputnik/Dmitry Astakhov ]
ပူတင်ကို ဖမ်းဆီးရန် ကြိုးပမ်းမှုမှန်သမျှက ရုရှားကို စစ်ကြေညာခြင်း ဖြစ်လိမ့်မည်ဟု  ခြိမ်းခြောက် ပြောဆို
By Mr John

 အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး International Criminal Court (ICC) က စစ်ရာဇဝတ်မှုများဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် သမ္မတဗလာဒီမာပူတင်ကို ဖမ်းဆီးရန် ကြိုးပမ်းအားထုတ်မှုမှန်သမျှမှာ ရုရှားနိုင်ငံကို စစ်ကြေညာခြင်းဖြစ်ကြောင်း ပူတင်၏မဟာမိတ် ဒီမီထရီ မက်ဗီဒက်ဗ်က မတ်လ (၂၃) ရက်နေ့တွင် ခြိမ်းခြောက်ပြောဆိုလိုက်သည်။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်သည့် စစ်ပွဲအတွင်း ရာနှင့်ချီသည့် ယူကရိန်းကလေးငယ်များကို ရုရှားသို့ ပို့ဆောင်ခဲ့မှုကြောင့် ICC က ရုရှားသမ္မတပူတင်ကို စစ်ရာဇဝတ်မှုများဖြင့် ဖမ်းဆီးရန် ၂၀၂၃ခုနှစ် မတ်လ (၁၇) ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။ 

ရုရှားဘက်ကမူ ထိုကလေးငယ်များကို ကာကွယ်စောင့်ရှောက်ရန် ရုရှားနိုင်ငံအတွင်းရှိ မိဘမဲ့ကလေးဂေဟာများသို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။

ရုရှား၊ တရုတ်နှင့် အမေရိကန် အပါအဝင် နိုင်ငံများက အသိအမှတ်မပြုထားသည့် ICC တရားရုံးမှာ ထူးထူးခြားခြား ဘာမှမလုပ်ဖူးသော စိတ်ကူးယဥ် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ရုရှားသမ္မတဟောင်း မက်ဗီဒက်ဇ်က ရုရှားမီဒီယာကို ပြောသည်။ 

ပူတင်ကို ဖမ်းဆီးထိန်းသိမ်းရန် ကြိုးပမ်းအားထုတ်မှု မှန်သမျှမှာ စစ်ကြေညာခြင်းဖြစ်လိမ့်မည်ဟု ပူတင်၏ ဩဇာကြီးမားသော နိုင်ငံတော်လုံခြုံရေးကောင်စီတွင် ဒုတိယဥက္ကဌအဖြစ် တာဝန်ယူထားသူ မက်ဗီဒက်ဗ်က ဆိုသည်။

"စိတ်ကူးကြည့်ရအောင်ပါ။ ဒီအခြေအနေက ဘယ်တော့မှ အကောင်အထည်ပေါ်လာမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အကောင်အထည်ပေါ်လာတယ်လို့ပဲ စိတ်ကူးကြည့်တာပေါ့။ လက်ရှိ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံရဲ့ခေါင်းဆောင်က အခြား နိုင်ငံတစ်ခုကိုသွားခဲ့တယ်။ ဂျာမနီ ဆိုပါစို့ဗျာ။ အဲဒီမှာ ဖမ်းလိုက်တယ်။ ဒါဆို ဘာဖြစ်လာမလဲ? ဒါက ရုရှားဖက်ဒရေးရှင်းကို စစ်ကြေညာမှု ဖြစ်လာလိမ့်မယ်" ဟု မက်ဗီဒက်ဗ်က Telegram ဗီဒီယိုပို့စ်တစ်ခုတွင် ပြောထားသည်။

"အဲဒီလို အခြေအနေမျိုးဆိုရင် ကျုပ်တို့ ပိုင်ဆိုင်သမျှအားလုံး ကျုပ်တို့ရဲ့ ဒုံးကျည်အားလုံးက ဂျာမန်လွှတ်တော် Bundestag ကို ရောက်သွားလိမ့်မယ်။ ဂျာမန်ဝန်ကြီးချုပ်ရုံးကို ရောက်သွားလိမ့်မယ်" ဟုလည်း ပူတင်၏မဟာမိတ် မက်ဗီဒက်ဗ်က ဆိုသည်။ 

ရုရှားက ယူကရိန်းကို ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်တွင် ကျူးကျော်တိုက်ခိုက်ခဲ့မှုကြောင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အသေအပျောက်အများဆုံး ဥရောပဒေသတွင်း ပဋိပက္ခတစ်ခု ပေါ်ပေါက်လာခဲ့ပြီး ရုရှားနှင့် အနောက်အုပ်စုကြား ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည်အကျပ်အတည်းနောက်ပိုင်း အကြီးဆုံး ထိပ်တိုက်တွေ့မှု ရှိလာခဲ့သည်။ 

အနောက်အုပ်စုနှင့် ဆက်ဆံရေးမှာ အဆိုးဆုံးအခြေအနေ ဖြစ်နိုင်ကြောင်း မက်ဗီဒက်ဗ်ကလည်း ပြောခဲ့သည်။

Source: Reuters