ဘင်္ဂလားဒေ့ရှ်တွင် ဟိန္ဒူဘုရားဖူးများ လိုက်ပါလာသည့် ကူးတို့စက်လှေ နစ်မြုပ်မှုအတွင်း သေဆုံးသူ (၆၆) ဦးအထိ မြင့်တက်

ဘင်္ဂလားဒေ့ရှ်တွင် ဟိန္ဒူဘုရားဖူးများ လိုက်ပါလာသည့် ကူးတို့စက်လှေ နစ်မြုပ်မှုအတွင်း သေဆုံးသူ (၆၆) ဦးအထိ မြင့်တက်
စက်တင်ဘာ 28, 2022 | နိုင်ငံတကာသတင်း
By Mr John

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စက်တင်ဘာလ (၂၅) ရက်နေ့က ဖြစ်ပွားခဲ့သည့် ဟိန္ဒူဘုရားဖူးများ လိုက်ပါလာသည့် ကူးတို့စက်လှေ နစ်မြုပ်မှုကြောင့် သေဆုံးသူအရေအတွက် (၆၆) ဦးအထိရှိလာကြောင်း အစိုးရတာဝန်ရှိသူများက ပြောသည်။ 

စက်တင်ဘာလ (၂၇) ရက်နေ့တွင် နောက်ထပ်အလောင်းများ တွေ့ရှိခဲ့ရပြီးနောက် သေဆုံးသူ အရေအတွက်ကို အာဏာပိုင်များက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုဖြစ်ရပ်မှာ ဘင်္ဂလားဒေ့ရှ်တွင် တစ်နှစ်ကျော်ကာလအတွင်း အဆိုးဆုံး ရေလမ်းကြောင်း ဘေးအန္တရာယ်ဖြစ်မှုလည်း ဖြစ်လာသည်။

အနည်းဆုံး နောက်ထပ် လူ (၁၅) ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း Panchagarh ခရိုင် အစိုးရတာဝန်ရှိသူ Dipankar Roy က ပြောသည်။ 

ဟိန္ဒူဘုရားဖူး (၁၀၀) ခန့်က Boda နယ်မြေရှိ Karatoa မြစ်ကိုဖြတ်ကူးပြီး ဘုရားကျောင်းတစ်ခုတွင် ကျင်းပပြုလုပ်သည့် ဘာသာရေးပွဲတော်သို့ သွားရောက်ကြစဥ် ကူးတို့စက်လှေ နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ 

ဒေသခံ ရဲတပ်ဖွဲ့အကြီးအကဲ S.M. Sirajul Huda က ရှာဖွေမှုဆက်လုပ်သွားမည်ဟု ပြောသည်။

မွတ်စလင်မ်အများဆုံး နေထိုင်ကြသည့် ဒုတိယမြောက်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်တွင် ဟိန္ဒူများက လာမည့်လ အတွင်း ကျင်းပပြုလုပ်မည့် ၎င်းတို့၏ အကြီးဆုံး ဘာသာရေးပွဲတော်တစ်ခုဖြစ်သော Durga Puja အတွက် ပြင်ဆင်နေကြသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတဝန်း မဏ္ဍပ်များ သို့မဟုတ် ဘာသာရေး ပွဲတော်အတွက် နေရာထိုင်ခင်း (၃၂,၀၀၀) ခန့် ပြင်ဆင်ထားသည်ဟု ဆိုသည်။ 

ထိုပွဲတော်အတွင်း Durga နတ်ဘုရားမ ရုပ်တုများ လှည့်လည်အပူဇော်ခံမည် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်၏ အချို့နေရာများတွင် ယခင် ဘာသာရေးပွဲတော်များအတွင်း လူမျိုးရေးအကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ အာဏာပိုင်များက ဘုရားကျောင်းများနှင့် ယာယီမဏ္ဍပ်အတွက် လုံခြုံရေးတင်းကျပ်ရန် ညွှန်ကြားထားသည်။ 

ဘင်္ဂလားဒေ့ရှ်တွင် လူဦးရေ သန်း (၁၆၀) ကျော်အနက် (၈) ရာခိုင်နှုန်းခန့်မှာ ဟိန္ဒူဘာသာဝင်များ ဖြစ်ကြသည်။

မြစ်အစင်း (၁၃၀) ခန့်ရှိသ်ည့ ဘင်္ဂလားဒေ့ရှ်တွင် ရေလမ်းကြောင်း ညံ့ဖျင်းခြင်း၊ ခရီးသည်အဆမတန် တင်ဆောင်ခြင်းနှင့် ဥပဒေစည်းမျဥ်း လျော့ရဲခြင်းဆို့ကြောင့် စက်လှေ/သင်္ဘော မတော်တဆဖြစ်ရပ်များ ဖြစ်ပွားလေ့ရှိသည်။ 

ယမန်နှစ် ဧပြီလအတွင်းကလည်း လူအပြည့်တင်ဆောင်လာသည့် ကူးတို့သင်္ဘောနှင့် ကုန်တင်သင်္ဘောတို့ ဒါကာမြို့တော် အပြင်ဘက် Shitalakhsya မြစ်အတွင်း တိုက်မိခဲ့ပြီး နစ်မြုပ်ခဲ့ရာ အနည်းဆုံး လူ (၃၄) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Source: AP

Photo: AP