တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရပြီး ရောဂါအခံရှိ၍ သေဆုံးသူ (၉)ဦးမြောက်အဖြစ် အမျိုးသမီးတစ်ဦး ထပ်မံ သေဆုံး

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရပြီး ရောဂါအခံရှိ၍ သေဆုံးသူ (၉)ဦးမြောက်အဖြစ် အမျိုးသမီးတစ်ဦး ထပ်မံ သေဆုံး
ဇူလိုင် 31, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၃၁)ရက်နေ့၏ တစ်နေ့တည်းတွင်  သေဆုံးသူ (၂)ဦးအဖြစ်  ည(၉)နာရီဝန်းကျင်အချိန်က အမျိုးသမီး (၁)ဦး ထပ်တိုး သေဆုံးကြောင်း သိရသည်။ 

သေဆုံးသူသည် အသက်(၅၄)နှစ်အရွယ်ရှိ အမျိုးသမီးဖြစ်ပြီး ၎င်းသည် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း ပါလျှံ(၂)တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးအား ၂၀၂၁ ခုနှစ် ဇူလိုင်လ(၂၇)ရက်နေ့က RDT Test Kit ဖြင့် စစ်ဆေးရာက Covid-19 စစ်ဆေးတွေ့ရှိရ၍ ရောဂါအခံကြောင့် ဇူလိုင်လ(၂၈)ရက်နေ့တွင် Isolation ward သို့ ပြောင်းရွှေ့ထားရှိပြီး အောက်စီဂျင်ပေးထားရသူဖြစ်ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ(၃၁)ရက်နေ့ နေ့လည်(၁၂)နာရီဝန်းကျင်အချိန်ကလည်း  တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် နတ်စင်အနီးရှိ  ရှမ်းရွာတွင်နေထိုင်သူ အသက်(၅၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် Covid-19 ကူးစက်ခံထားရပြီး ရောဂါအခံရှိ၍ သေဆုံးသွားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိ၍ သေဆုံးသူများအဖြစ် ၂၀၂၁ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့က စတင်ကာ ဇူလိုင်လ(၃၁)ရက်နေ့အထိ အမျိုးသား(၇)ဦး နှင့် အမျိုးသမီး(၂)ဦး စုစုပေါင်း (၉)ဦးအထိ ရှိလာရာတွင် ဘုန်းကြီးတစ်ပါး ပါဝင်သည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ဇူလိုင်လ(၃၀)ရက်နေ့အထိ (၃၃)ရက်အတွင်း Covid-19 ကူးစက်ခံထားရသူ (၁၃၀၀)နီးပါးအထိရှိပြီး ဆေးရုံဆင်းခွင့်ရရှိသွားသူမှာ (၆၀၀)ကျော်ရှိနေကာ သေဆုံးသူမှာလည်း ဇူလိုင်လ(၁၉)ရက်နေ့မှ ဇူလိုင်လ(၃၁)ရက်နေ့အထိ  (၁၃)ရက်အတွင်း (၉)ဦးအထိ ရှိနေသည်။