သီပေါမြို့နယ်အတွင်း ကျေးရွာများတွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် (၂၅၀)ကျော် မြို့ပေါ်သို့ ရောက်ရှိ

သီပေါမြို့နယ်အတွင်း ကျေးရွာများတွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် (၂၅၀)ကျော် မြို့ပေါ်သို့ ရောက်ရှိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်အတွင်း ဆွန်လုံ၊ ချောင်းဆုံနှင့် ဆွန်လုံကျေးရွာများအနီး တိုက်ပွဲများကြောင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် ကိုယ်ဝန်ဆောင်၊ ကလေးငယ်နှင့် လေဖြတ်ထားသူများအပါအဝင် စစ်ဘေးရှောင် (၂၅၀) ကျော် သီပေါမြို့သို့ ရောက်ရှိလာကြကြောင်း သိရသည်။

အဆိုပါ ကျေးရွာများဝန်းကျင်တွင် နံနက် (၅)နာရီဝန်းကျင်ကတည်းက လက်နက်ကြီးပစ်ခတ်သံများ ကြားနေရသည့်အတွက်  ကိုယ်ဝန်ဆောင်မိခင် (၂)ဦး၊ လေဖြတ်ထားသူ (၁) ဦးနှင့် (၁)နှစ်အောက်ကလေး (၂) ဦးအပါအဝင် ဒေသခံ (၂၅၀)ကျော်မှာ သီပေါမြို့သို့ စက်လှေများဖြင့်လည်းကောင်း၊ နယ်စည်းမခြားပရဟိတ (သီပေါ)အပါအဝင် လာရောက်သယ်ဆောင်ကူညီပေးသည့် မော်တော်ယာဉ်များဖြင့် ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု သိရသည်။ 

လက်နက်ကြီးပစ်ခတ်သံများကြောင့် ဆွန်လုံကျေးရွာမှ စစ်ရှောင် အိမ်ထောင်စု (၃၅)စုမှ လူဦးရေ (၇၅)ဦး၊ ချောင်းဆုံကျေးရွာမှ စစ်ဘေးရှောင်အိမ်ထောင်စု (၁၆)စုမှ လူဦးရေ (၄၄)ဦး၊ မိုးတေကျေးရွာမှ စစ်ရှောင်အိမ်ထောင်စု (၄၆)စုမှ လူဦးရေ (၁၄၀)ဦး စုစုပေါင်း လူဦးရေ (၂၅၉) ဦးမှာ သီပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက်ရှိ ဘိုးတော်ကျောင်းတိုက်တွင် လာရောက်ခိုလှုံနေကြကြောင်း သိရသည်။

အဆိုပါကျေးရွာများအပြင် နမ့်ဟူးနွဲ့ရေတံခွန်(ဘုန်းကြီးကျောင်း)ရှိရာ တောင်ကြောတစ်ဝိုက်တွင်လည်း ပစ်ခတ်သံများကြားနေရသည်ဟု ၎င်းနေရာတစ်ဝိုက်တွင် နေထိုင်သူများထံက သိရသည်။ 

ကျောက်မဲခရိုင်အတွင်း ဩဂုတ်လမှစ၍ RCSS နှင့် SSPP၊ TNLA ပူးပေါင်းအဖွဲ့တို့ကြား နယ်မြေအငြင်းပွားမှု တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် ဒေသခံအများအပြားမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရခြင်းဖြစ်သည်။



Photo: နယ်စည်းမခြားပရဟိတ (သီပေါ)

 

ဆက်စပ်သတင်း

ကျောက်မဲခရိုင်အတွင်း RCSS နှင့် SSPP၊ TNLA တို့အကြား တိုက်ပွဲများကြောင့် စစ်ရှောင် (၇၀၀)ဝန်းကျင် ကျောက်မဲတွင် ရောက်နေပြီး အကူအညီများ လိုအပ်နေ