မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် လာမည့်အာဆီယံထိပ်သီးအစည်းအဝေးများတွင်လည်း ထပ်မံချန်လှပ်ခံရမည်

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် တက်ခွင့်မရခဲ့သည့် ၃၈ ကြိမ်နှင့် ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး
မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် တက်ခွင့်မရခဲ့သည့် ၃၈ ကြိမ်နှင့် ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး
မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် လာမည့်အာဆီယံထိပ်သီးအစည်းအဝေးများတွင်လည်း ထပ်မံချန်လှပ်ခံရမည်
By Tachileik News Agency

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်အနေဖြင့် ပြီးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးနည်းတူ လာမည့် ထိပ်သီးအစည်းအဝေးတွင်လည်း တက်ရောက်ရန် ဖိတ်ကြားခံရမည်မဟုတ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လာမည့်လတွင် ကျင်းပမည့် အကြိမ် (၄၀)နှင့် (၄၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် ဖိတ်ကြားမည်မဟုတ်ဘဲ မြန်မာအတွက် နိုင်ငံရေးရာထူးမဟုတ်သည့် ကိုယ်စားလှယ်တစ်ဦးကိုသာ ဖိတ်မည်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုပြောကြားထားခြင်းဖြစ်ကြောင်း ဖနွမ်ပင်ပို့စ်သတင်းက ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၄)ရက်နေ့တွင် သတင်းဖေါ်ပြထားသည်။

မြန်မာ့အာဏာသိမ်းမှုအရေးနှင့်ပတ်သက်၍ အာဆီယံခေါင်းဆောင်များဆွေးနွေးသဘောတူညီချက်ဖြင့် ချမှတ်ထားသည့် ဆုံးဖြတ်ချက် (၅)ခုကို အဆိုပါအစည်းအဝေးသို့ ကိုယ်တိုင်ပါဝင်တက်ရောက်ခဲ့သည့် မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်က အကောင်အထည်မဖေါ်သည့်အတွက် ပြီးခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးများတွင် အာဆီယံသမိုင်း၌ ပထမဆုံး ထိပ်သီးအစည်းအဝေး တက်ခွင့်မရသည့်နိုင်ငံဖြစ်ခဲ့ပြီး လက်ရှိတွင်လည်း အဆိုပါဆုံးဖြတ်ချက် (၅)ချက်ကို အကောင်အထည်မဖေါ်သေး၍ ထပ်မံချန်လှပ်ခံရမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့ရွေးကောက်ပွဲရလဒ်များ ထွက်လာပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် နိုင်ငံ့အာဏာသိမ်းလိုက်ပြီး ဆန့်ကျင်သည့် ပြည်သူများအား အကြမ်းဖက်နှိမ်နှင်းနေသည့် မြန်မာအာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုမရဘဲ ဖယ်ကြဉ်ခံရခြင်းများနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။