မူဆယ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် TNLA တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်များ အထိနာ

မူဆယ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် TNLA တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်များ အထိနာ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ နမ့်တောင်းရွာနှင့် ဖာဖိန့်ရွာအကြားတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၇)ရက်နေ့တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အထိနာခဲ့သည်ဟု TNLAက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ တပ်မ(၉၉)၊ ခမရ (၄၂၀)တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်တို့သည် TNLA တပ်မဟာ(၁) တပ်ရင်း(၅၇၁) ရှိရာသို့ ထိုးစစ်ဆင်လာရာက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူများခဲ့‌ကြောင်း သိရသည်။

ယနေ့ နေ့လယ်ပိုင်းက TNLA ပြုပြင်ခဲ့သည့် လမ်းမအား ထပ်မံဖျက်ဆီးရန် (၁၀၅)မိုင်မှ ဘူဒိုဇာတစ်စီးဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် TNLA တို့ နမ့်တောင်းရွာနှင့် ဖာဖိန့်ရွာအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ (၁၅)ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် မြို့မပြည်သူ့စစ်တပ်တို့သည် နမ့်တောင်းနှင့် ပန်ကြုံအကြားရှိ အဓိကလမ်းမကြီးအား မြေကော်စက်ဖြင့် ဖျက်ဆီးခဲ့ရာ သြဂုတ်လ (၂၃)ရက်နေ့တွင် TNLA မှ ပြန်လည်မြေဖို့ ပြုပြင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် သြဂုတ်လ (၂၆)ရက်နေ့ ညနေပိုင်းကလည်း ကွတ်ခိုင်မြို့မှ သိန္နီသို့ စစ်ကား(၂၄)စီးဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် TNLA တပ်မဟာ(၅) တပ်ရင်း(၃၃၅)တို့ မန့်ပိန်းအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

 TNLA နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား သြဂုတ်လအတွင်း တိုက်ပွဲ(၁၃)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo :CJ