မိုးဗြဲတွင် အာဏာသိမ်းစစ်တပ်နှင့်ဆက်စပ်လုပ်ငန်းများမှ ထုတ်ကုန်များ ရောင်းချခြင်းမပြုရန် MBPDF နှင့် KNDF(B-03) တို့ ကွင်းဆင်းစစ်ဆေး၊ သိမ်းယူဖျက်ဆီး

မိုးဗြဲတွင် အာဏာသိမ်းစစ်တပ်နှင့်ဆက်စပ်လုပ်ငန်းများမှ ထုတ်ကုန်များ ရောင်းချခြင်းမပြုရန် MBPDF နှင့် KNDF(B-03) တို့ ကွင်းဆင်းစစ်ဆေး၊ သိမ်းယူဖျက်ဆီး
By Tachileik News Agency

ရှမ်း - ကရင်နီ(ကယား)နယ်စပ်၊ မိုးဗြဲမြို့နယ်အတွင်း ဈေးဆိုင်များ၌ မရောင်းချရန် တားမြစ်ထားသည့်  အာဏာသိမ်းစစ်ကောင်စီနှင့် ဆက်စပ်လုပ်ငန်းများမှ ထုတ်ကုန်များကို ၂၀၂၂ ခုနှစ်၊ မေလ(၁၅)ရက်နေ့တွင် သွားရောက်စစ်ဆေးကာ သိမ်းယူဖျက်ဆီးလိုက်ကြောင်း မိုးဗြဲ PDF က သတင်းထုတ်ပြန်သည်။

MBPDF နှင့် KNDF(B-03) တို့ ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးမှုအတွင်း ဆိုင်ခန်းအချို့တွင် စစ်ကောင်စီနှင့် ဆက်စပ်လုပ်ငန်းများမှ ထုတ်ကုန်များအား ဆက်လက်ရောင်းချမှုများ တွေ့ရသောကြောင့် သိမ်းယူဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာ ဆိုင်ခန်းပိုင်ရှင်များအနေဖြင့်  နောက်ထပ်ရောင်းချခြင်းမပြုလုပ်ရန် ထပ်မံသတိပေးမှုများ ပြုလုပ်ခဲ့ပြီး မိုးဗြဲမြို့ပေါ် ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချနေကြသည့် စျေးဆိုင်များ၊ ကုန်စုံဆိုင်များကိုလည်း သွားရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးဗြဲမြို့ပေါ်ရှိ ရပ်ကွက်များသာမက ကျေးရွာများတွင်လည်း အာဏာသိမ်း စစ်ကောင်စီနှင့် ဆက်စပ်လုပ်ငန်းများ၏  ထုတ်ကုန်များကို ထပ်မံတင်သွင်းရောင်းချခြင်းမပြုလုပ်ကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ထပ်မံမေတ္တာရပ်ခံထားသည်။

တားမြစ်မှုအားလိုက်နာမှုမရှိပါက ထိရောက်သော အရေးယူမှုများကို ဆက်လက်ပြုလုပ်သွားပါမည်ဟု ထုတ်ပြန်ထားသည်။

ဒေသတွင်း၌ အာဏာသိမ်း စစ်ကောင်စီနှင့်ဆက်စပ်လုပ်ငန်းများ၏ ထုတ်ကုန်များကို တင်သွင်းရောင်းချခြင်းမပြုလုပ်&ရဣ္ ဧပြီလ(၂၁)ရက်နေ့ကတည်းက အသိပေးထားပြီး  ဧပြီလ(၂၆) ရက်နေ့တွင် စျေးဆိုင်များ၊ ကုန်စုံဆိုင်များကို လိုက်လံအသိပေး ကြေငြာစာကပ်ခြင်း၊ မေလ (၁၁)ရက်တွင် စျေးဆိုင်ခန်းများ၊ ကုန်စုံဆိုင်များကို ထပ်မံကြေငြာစာများကပ်ခြင်းများကို လုပ်ဆောင်ထားကြောင်း သိရသည်။

စစ်တပ်က နိုင်ငံ့အာဏာသိမ်းပြီးနောက် ၎င်းတို့နှင့်ဆက်စပ်စီးပွားရေးလုပ်ငန်းထုတ်ကုန်များကို သပိတ်မှောက်သည့်လှုပ်ရှားမှုများ လုပ်ဆောင်လာကြခြင်းဖြစ်သည်။