ကျောက်မဲခရိုင်အတွင်း RCSS နှင့် SSPP၊ TNLA တို့အကြား တိုက်ပွဲများကြောင့် စစ်ရှောင် (၇၀၀)ဝန်းကျင် ကျောက်မဲတွင် ရောက်နေပြီး အကူအညီများ လိုအပ်နေ

ကျောက်မဲခရိုင်အတွင်း RCSS နှင့် SSPP၊ TNLA တို့အကြား တိုက်ပွဲများကြောင့် စစ်ရှောင် (၇၀၀)ဝန်းကျင် ကျောက်မဲတွင် ရောက်နေပြီး အကူအညီများ လိုအပ်နေ
နိုဝင်ဘာ 4, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်အတွင်း တိုက်ပွဲများဖြစ်နေ၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့တွင် ၊ ဟူးဆွန်ကျေးရွာအုပ်စုမှ စစ်ဘေးရှောင် (၇၀၀) ဝန်းကျင်ကို  ကျောက်မဲမြို့ရှိ လူမှုကူညီရေးအသင်းများစုပေါင်း၍ သွားရောက်ခေါ်ဆောင်ထားရပြီး စစ်ဘေးရှောင်များအတွက် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

အခု ဒီနေ့ စုစုပေါင်းက (၇၀၀) ဝန်းကျင်လောက် ရောက်မယ်ထင်တယ်။ သယ်ပို့ သယ်ပို့ပဲ ဒီနေ့ လုပ်နေကြရတော့ စာရင်းတော့ သေချာ  မလုပ်ရသေးဘူး။ မိုးတွေတအားရွာနေတော့ နီးစပ်ရာရွာမှာ ကျန်ခဲ့ရသူတွေလည်း (၁၀၀)ကျော်လောက်ရှိနေသေးတယ်။ အဲဒါကိုတော့ မနက်ဖြန် မနက်စောစောလောက် သွားခေါ်ပေးဖို့ စီစဉ်နေတယ်။ အစကတော့ မန်ခါဘုန်းကြီးကျောင်းမှာ (၁၀၀)လောက်ထားမယ် စိတ်ကူးထားပေမဲ့ လူက (၂၀၀) လောက်ဖြစ်သွားတယ်။ နောက် ရှမ်းစာပေယဉ်ကျေးမှုအသင်းမှာထားတယ်။ အဲဒီမှာက အဆောက်အဦရှိပေမဲ့ အမိုးပဲရှိတယ် အကာက မရှိဘူးဖြစ်နေတာ။ အကူအညီအများကြီး လိုနေပါတယ်

ဟု နမ့်ခုံးသာရေးနာရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၄)ရက်နေ့ ညပိုင်းက ပြောသည်။

ဟူးဆွန်ကျေးရွာအုပ်စုအနီးတွင် RCSS/SSA နှင့် SSPP/SSA၊ TNLA အဖွဲ့တို့ကြား တိုက်ပွဲများဖြစ်နေပြီး ကျေးရွာများအနီးသို့ပါ လက်နက်ကျည်ကျနေသဖြင့် ရာနှင့်ချီသောဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးလာကြရခြင်းဖြစ်သည်။

စစ်ဘေးရှောင်များကို ကျောက်မဲမြို့ရှိ နမ့်ခုံးသာရေးနာရေးအသင်း၊ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း၊ ကျောက်မဲနာရေးကူညီမှုအသင်း၊ ဖိုက်စတားအဖွဲ့တို့က ကားအစီးပေါင်း (၃၀) ဝန်းကျင်ဖြင့် (၂) ကြိမ်ခွဲ၍ ခေါ်ဆောင်ခဲ့ကြရပြီး ကျောက်မဲမြို့ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းတိုက်နေရာတွင် နေရာချထားပေးထားခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ကျေးရွာအုပ်စုမှာ ကျောက်မဲမြို့နှင့် (၁၅) မိုင်ခန့်သာကွာဝေးသော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး မိုးရွာသွန်းနေသဖြင့် ခက်ခက်ခဲခဲသယ်ယူရပြီး အချို့ကျေးရွာများသို့ မဝင်နိုင်သေးကြောင်းလည်း သိရသည်။

လက်ရှိတွင် စစ်ဘေးရှောင်များအား ထားရှိသည့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းတိုက်နေရာတွင် အကာမရှိသည့် အဆောက်အဦ၌ ဂျပ်စက္ကူများခင်း၍ မိုးကာစများ ကာရံကာ ယာယီစီစဉ်ပေးထားရပြီး အကူအညီများစွာ လိုအပ်နေကြောင်း သိရသည်။

စစ်ဘေးရှောင်များအား ကူညီလိုသူများအနေဖြင့်  နမ့်ခုံးသာရေးနာရေးအသင်းဖုန်း 09788144120 သို့ ဆက်သွယ်နိုင်ကြကြောင်း သိရသည်။

ကျောက်မဲခရိုင်အတွင်း RCSS/SSA နှင့် SSPP/SSA၊ TNLA တို့သည် ထိန်းချုပ်နယ်မြေသတ်မှတ်မှုပြဿနာဖြင့် အချင်းချင်း တိုက်ခိုက်မှုများကြောင့် ဒေသတွင်းပြည်သူများမှာ ကာလရှည်ကြာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရခြင်းဖြစ်သည်။



Photo: ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း