တာချီလိတ်မြို့တွင်  KTV , Club နှင့် ဘားများကို ဖွင့်ရန် ခွင့်ပြုချက်မပေးထားဘူးဆိုသည်ကို သိရှိကြောင်း ရဲစခန်းက ခေါ်ပြီး ခံဝန်ဂတိ လက်မှတ်ထိုးခိုင်း 

တာချီလိတ်မြို့တွင်  KTV , Club နှင့် ဘားများကို ဖွင့်ရန် ခွင့်ပြုချက်မပေးထားဘူးဆိုသည်ကို သိရှိကြောင်း ရဲစခန်းက ခေါ်ပြီး ခံဝန်ဂတိ လက်မှတ်ထိုးခိုင်း 
နိုဝင်ဘာ 7, 2021 | ရှမ်းရှေ့

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဒေသအာဏာပိုင်နှင့် စစ်တပ်က KTV နှင့် Club များကို နားလည်မှုဖြင့်ဟုဆိုကာ ဖွင့်လှစ်ခွင့်ပေးထားသော်လည်း ရပ်ကွက်အတွင်း အသံများထွက်လာပါက သတိပေးထားမှုများနှင့်အတူ ရဲတပ်ဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်နေခြင်း မဟုတ်ကြောင်းကို KTV နှင့် CLUB များဘက်က သိရှိပြီးသားအဖြစ် အထက်ဌာနသို့ ပြသနိုင်ရန်အတွက် ရဲစခန်းက ဒုတိယအကြိမ်မြောက်အဖြစ် နိုဝင်ဘာလ(၆)ရက်နေ့က ခေါ်ပြီး ခံဝန်ဂတိလက်မှတ်ထိုးခိုင်းကြောင်း သိရသည်။

တာချီလိတ်မြို့မရဲစခန်း နှင့် ဟောင်လိတ်နယ်မြေရဲကင်းစခန်း ပိုင်နက်အတွင်း  ထင်ပေါ်သည့် KTV , Club နှင့် ဘားများ၏ ပိုင်ရှင်သို့မဟုတ် တာဝန်ခံများကို ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၆)ရက်နေ့ ညနေပိုင်းက ခေါ်ယူပြီး ခံဝန်ဂတိလက်မှတ် ထိုးခိုင်းခြင်း ဖြစ်ကြောင်း သိရသည်။

"အခုလည်း အရင်တခါတုန်းက လိုပါပဲ။ ပိတ်ဖို့တော့ မဟုတ်ဘူး။ သူတို့ သတိပေးထားတာကို သိရှိကြောင်းဆိုတာကို ခံဝန်ဂတိလက်မှတ်ထိုးခိုင်းတာပါပဲ။ တခုခု ဖြစ်လာရင် ကျွန်တော်တို့က အသိပေးပြီးသားပါ။ သူတို့က မလိုက်နာဘဲ ဖွင့်နေကြတာပါဆိုပြီး ကျွန်တော်တို့ ထိုးထားတဲ့ လက်မှတ်ကို ပြဖို့ ဖြစ်မှာပေါ့။ လစဉ်ကြေးတွေသာ ပေးရတာ။ တကယ်က ဖြစ်လာရင် တာဝန်မှ မယူနိုင်ဘဲ"ဟု အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၇)ရက်နေ့တွင် ပြောသည်။

ယခုလိုပင် နိုင်ငံအာဏာသိမ်းပြီးကာလအတွင်းဖြစ်သည့် ၂၀၂၁ခုနှစ် မေလ(၁၂)ရက်နေ့ ည(၆)နာရီအချိန်ကလည်း တာချီလိတ်မြို့မရဲစခန်းသို့  KTV , Club နှင့် ဘားများ၏ တာဝန်ရှိသူများကို ခေါ်ယူပြီး ခံဝန်ကတိလက်မှတ် ထိုးခိုင်းမှုများရှိခဲ့သည့်အတွက် ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်သည်။

" မနေ့က တာချီလိတ်က KTV တွေ အကုန်ခေါ်တာတော့ မဟုတ်ဘူး အဓိက ဟာတွေ တော်တော်များများကို ခေါ်တာ။ ခုက သူတို့ပဲ ဖွင့်ခွင့်ပေးထားတာပါ။ ရုံးစာအရဆိုရင်တော့  ညွှန်ကြားထားတယ်။ အသိပေးထားတယ်ဆိုတာကို သိအောင် လုပ်တဲ့သဘောဖြစ်မယ်။ (၁၀)ရက်နေ့တောင် မြို့မျက်နှာဖုံးတစ်ဦးရဲ့ နေရာမှာ Club လား KTV လားမသိဘူး ဖွင့်ပွဲရှိသေးတယ်။ တာချီလိတ်မှာက သိတဲ့အတိုင်းပဲ နာမည်ကြီး KTV ကြီးတွေနဲ့ Club သူဌေးတွေက တိုင်းမှူးနဲ့ ဗျူဟာမှူးတွေကို အိတ်ကတ်ထဲ ထည့်ထားကြတာဆိုတော့  ရဲကလည်း တော်ရုံ မဖမ်းရဲပါဘူးလေ။ ဖမ်းလည်း အသေးစားတွေကိုပဲ အဖမ်းပြလိမ့်မယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ယခင်က ညမထွက်ရအမိန့်ကို Covid-19 ကာကွယ်ရေးအတွက်သာ ထုတ်ခဲ့သော်လည်း ယခုအခါမှာ Covid-19 ကာကွယ်ရေးအတွက် မဟုတ်ဘဲ စစ်တပ်မှ အာဏာသိမ်းထားသည့်ကာလအတွင်း အများပြည်သူ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေးအတွက်ဟုဆိုကာ ည(၁၀)နာရီမှ နံနက်(၄)နာရီအတွင်း မထွက်ရဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ထားကြောင်း သိရသည်။ 

#TachileikNewsAgency