တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်းဒေသတွင် စိတ်ကြွရူးသွပ်ဆေးပြား (၁၇)သိန်း နှင့် ကတ်တမင်း (၁၀)ကီလို ဖမ်းမိ

တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်းဒေသတွင် စိတ်ကြွရူးသွပ်ဆေးပြား (၁၇)သိန်း နှင့် ကတ်တမင်း (၁၀)ကီလို ဖမ်းမိ

နယ်စပ်ဒေသ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းဒေသအတွင်း စိတ်ကြွရူးသွပ်ဆေးပြား (၁၇)သိန်း နှင့် ကတ်တမင်း (၁၀)ကီလိုကို တာချီလိတ် မူးယစ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ပါခုတ်ရွာအနီး ရာဘာခြံလမ်းအတွင်း  ဝှေလေလန် - ပါခုတ်ကျေးရွာသွားလမ်းပေါ်တွင် ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၉)ရက်နေ့ နေ့လည်(၁)နာရီကျော်အချိန်က ပူးပေါင်းအဖွဲ့ဖြင့် မူးယစ်သတင်းပေးအရ စောင့်ဆိုင်းနေစဉ် စိုင်းအွန်(ခ)အိုက်အွန် မောင်းလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ စိုင်းအွန်(ခ)အိုက်အွန် မောင်းနှင်လာသည့် ဆိုင်ကယ်ရှေ့ ခွကြားတွင် တင်ဆောင်လာသည့်  ဆာလာအိတ်များအတွင်းက စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁)သိန်း နှင့် ကတ်တမင်း စုစုပေါင်း (၁၀)ကီလိုတို့ကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးခံရသည့်  စိုင်းအွန်(ခ)အိုက်အွန်အား စစ်ကြောရေးပြုလုပ်ရာမှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)အုပ်စု၊ ပါခုတ်ရွာနေ အိုက်စီးဆိုသူထံကဖြစ်ကြောင်း သိရ၍ အိုက်စီးဆိုသူ၏ နေအိမ်သို့  ဇန်နဝါရီလ(၁၉)ရက်နေ့ နေ့လည်(၂)နာရီကျော်က သွားရောက်၍ ရှာဖွေကြောင်း သိရသည်။

ပါခုတ်ရွာနေ အိုက်စီးဆိုသူ၏ နေအိမ်အား သွားရောက်ရှာဖွေရာတွင် နေအိမ်၌ အိုက်စီးဆိုသူကို မတွေ့ရှိရသော်လည်း ခြံစောင့်အဖြစ် လုပ်ကိုင်နေသည့် အိုက်ယိန်း နှင့် နန်းအင်တို့ လင်မယား(၂)ဦးကို တွေ့ရှိပြီး ဆက်လက်ရှာဖွေရာက ခြံဝင်းအတွင်းရှိ နေအိမ်အပေါ်ထပ်တွင် ဆာလာအိတ်များဖြင့် အဆင့်ဆင့်ထုတ်ပိုးထားသည့် Wy စာတန်းပါ  နီညိုရောင် စိတ်ကြရူးသွပ်ဆေးပြား စုစုပေါင်း (၁၆)သိန်း ထပ်တွေ့ရကြောင်း သိရသည်။

စိတ်ကြွရူးသွပ်ဆေးပြား (၁၆)သိန်း တွေ့ရှိရသည့် နေအိမ်မှာ အိုက်ဆီယွန်း(ခ) အိုက်ကျိုင်းဆိုသူ ပိုင်ဆိုင်သည့် နေအိမ်ဖြစ်သည်ဟု သိရပြီး ၎င်း၏ ညီတော်စပ်သူ အိုက်စီးကိုတော့ ဖမ်းမမိကြောင်း သိရသည်။

အခု မူးယစ်ဆေးဝါး တွေ့တဲ့ နေအိမ်က အိုက်ဆီယွန်းရဲ့ အိမ်လို့ သိရလို့ သူနေထိုင်တဲ့ ပါခုတ်က အိမ်ကို သွားရှာတော့ အိုက်ဆီယွန်းကို တွေ့ပေမဲ့ သူ့အိမ်မှာတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာ မတွေ့ဘူး။ ဒီမူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး ဝမ်ပုံရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဖမ်းမိတဲ့ လင်မယား(၂)ဦးကတော့ သူတို့ ကားပေါ်ကနေ အိမ်အပေါ်ထပ်ကို သယ်ပို့ပေးတာ ပေးရတာ မူးယစ်ဆေးဝါးတွေမှန်း မသိဘူးလို့ပြောတယ်။ ဆာလာအိတ်တွေကို စောင့်ကြပ်ခ ဘတ်(၂၀၀)ရတယ်တဲ့။ မူးယစ်ဆေးဝါးကိစ္စကိုတော့ မူးယစ်ရဲက ဆက်လုပ်ပါလိမ့်မယ်

ဟု  တပ်နယ်ဖက်မှ အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။  

မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိမှုနှင့် ပတ်သက်၍ စိတ်ကြွရူးသွပ်ဆေးပြား (၁)သိန်း၊ ကတ်တမင်း (၁၀)ကီလို နှင့်အတူ ဖမ်းဆီးခံရသည့် စိုင်းအွန် (ခ)အိုက်အွန် နှင့် မူးယစ်ဆေးဝါးသယ်ဆောင်ခိုင်းသူဟုဆိုသည့် အိုက်စီး ဆိုသူတို့အား ဝမ်ပုံနယ်မြေရဲကင်းစခန်းတွင် မယ(ပ)၁/၂၀၂၂၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရအမှုဖွင့်ထားကြောင်း သိရသည်။

ယင်းအပြင် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁၆)သိန်းဖမ်းဆီးရမိမှုနှင့် ပတ်သက်၍လည်း အိုက်ဆီယွန်း(ခ)အိုက်ကျိုင်း၊ အိုက်ယိန်း နှင့် နန်းအင် အပါအဝင် ဖမ်းမမိသေးသည့် အိုက်စီးတို့ကို ဝမ်ပုံနယ်မြေရဲကင်းစခန်းတွင် မယ(ပ)၂/၂၀၂၂၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ ဒုရဲအုပ် ဝင်းမင်းသန့်က တရားလို ပြုလုပ်ပြီး အမှုဖွင့်ထားသည်ဟု သိရသည်။ 

 

ဇူလိုင်လ(၁၉)ရက်နေ့ကလည်းက တာချီလိတ်နှင့် နယ်စပ်  ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၊ ကော့ချန်းဒေသအတွင်း   စိတ်ကြွရူးသွပ်ဆေးပြား (၆) သန်းကျော်ကို  ထိုင်းစစ်တပ်က ၂၀၂၂   ဖမ်းမိကြောင်းလည်း သိရသည်။