ထိုင်းဘက်က လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၀၁)ဦးတွင် Covid-19 ပိုးရှိသူ (၄)ဦး ပါဝင်

ထိုင်းဘက်က လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၀၁)ဦးတွင် Covid-19 ပိုးရှိသူ (၄)ဦး ပါဝင်

အကျဉ်းထောင်များတွင် COVID 19 တွေ့ရှိမှုမြင့်နေသည့် ထိုင်းဘက်မှ တာချီလိတ်သို့ လွှဲပြောင်းလာသည့် မြန်မာ ၁၀၁ ဦးတွင် COVID 19 ပိုးတွေ့သူ (၄)ဦးပါဝင်လာ



ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှတစ်ဆင့် ၂၀၂၁ ခုနှစ် မေလ (၁၇) ရက်နေ့တွင် လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသား (၁၀၁) ဦးမှ (၄)ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း သိရသည်။



ထိုင်းနိုင်ငံဘက်တွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံနေရသူ (၁၀၁) ဦးကို ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများက မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂) မှတစ်ဆင့် လွှဲပြောင်းပေးလာရာ တာချီလိတ်ဘက်က COVID 19 စစ်ဆေးလက်ခံရာမှ အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၂)ဦးတွင် COVID 19 ပိုးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။



ပိုးတွေ့အတည်ပြုလူနာများအား ဆေးရုံဟောင်းသို့ ပို့ဆောင်ထားပြီး ကျန် (၉၇) ဦးကို မိုးကုတ်တရားရိပ်သာတွင် အသွားအလာကန့်သတ်ထားရှိကြောင်း သိရသည်။



အဆိုပါ ပြစ်ဒဏ်စေ့ပြန်လည်လွှဲပြောင်းခံရသည့် မြန်မာနိုင်ငံသားများမှာ ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် အချုပ်ထောင်၊ အကျဉ်းထောင်များသို့ ပို့ဆောင်ခံခဲ့ရပြီးနောက် နယ်စပ်မြို့မှတစ်ဆင့် မြန်မာဘက် ပြန်လွှဲခံရသူများဖြစ်ကြသည်။



COVID 19 တတိယလှိုင်းဖြစ်နေသည့် ထိုင်းနိုင်ငံတွင် အတည်ပြုလူနာတွေ့ရှိနှုန်းမှာ ဒုတိယလှိုင်းကထက်များနေပြီး အကျဉ်းထောင်အသီးသီးတွင် အတည်ပြုလူနာတွေ့ရှိမှုလည်း မြင့်တက်နေခြင်းဖြစ်သည်။



ထိုင်းနိုင်ငံအတွင်း မေလ (၁၇) ရက်နေ့ တစ်နေ့အတွင်း ထပ်တိုးလာသည့် အတည်ပြုလူနာအရေအတွက်၏ ၇၀ ရာခိုင်နှုန်းကျော်မှာ အကျဉ်းထောင်အသီးသီးမှဖြစ်ကြောင်း သိရသည်။