ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်သည့် မြန်မာနိုင်ငံသားများ စီးနင်းလာသည့်ယာဉ် တိမ်းမှောက်၍ (၃)ဦးသေ၊ (၄)ဦး ဒဏ်ရာအပြင်းအထန်ရသည့်အပြင် ရဲဖမ်းတာကို ခံရ

Photo:  The Nation
Photo:  The Nation
ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်သည့် မြန်မာနိုင်ငံသားများ စီးနင်းလာသည့်ယာဉ် တိမ်းမှောက်၍ (၃)ဦးသေ၊ (၄)ဦး ဒဏ်ရာအပြင်းအထန်ရသည့်အပြင် ရဲဖမ်းတာကို ခံရ

ထိုင်းနိုင်ငံတွင်း ခိုးဝင်လာစဉ် စီးနင်းလာသည့်ယာဉ် တိမ်းမှောက်ပြီး (၃)ဦးသေ၊ (၄)ဦး ဒဏ်ရာပြင်းထန်စွာရထားသည့် မြန်မာနိုင်ငံသား (၂၃) ဦးအဖွဲ့ကို ကမ်ဖန်ဖက်ရဲတပ်ဖွဲ့က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၆) ရက်နေ့တွင် လမ်းဘေး၌တွေ့ရှိ ဖမ်းဆီးခံရကြောင်း သိရသည်။

မဲဆောက်ဘက်ရှိ နယ်စပ်လမ်းကြောင်းမှ ခိုးဝင်လာသည့် မြန်မာနိုင်ငံသားအဖွဲ့ စီးနင်းလာသည့်ယာဉ်မှာ တောင်အဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းချော်တိမ်းမှောက်ခဲ့ရာ အခြားကားတစ်စီးဖြင့် လာကြိုရန် လမ်းဘေး၌ ထားခဲ့စဉ် ရဲတပ်ဖွဲ့က တွေ့သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က တွေ့ရှိချိန်တွင် အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၁) ဦးမှာ သေဆုံးနေပြီး ကျန်ဒဏ်ရာရသူ (၄)ဦးမှာလည်း ဒဏ်ရာပြင်းထန်သဖြင့် ၎င်းတို့အား ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် မြန်မာနိုင်ငံသားများကို COVID 19 စစ်ဆေးပေးထားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း အလုပ်အကိုင်ရှာဖွေရန် နယ်စပ်အသီးသီးမှနေ၍ ခိုးဝင်လာသူအများအပြားရှိနေရာ နိုဝင်ဘာလ၏ ပထမရက်သတ္တပတ် (၅) ရက်တာအတွင်း နယ်စပ်မှခိုးဝင်၍ ဖမ်းမိသူ (၂၈၅၃) ဦးရှိသည့်အနက် မြန်မာနိုင်ငံသား (၁၈၀၇)ဖြင့် အများဆုံးဖြစ်နေပြီး ကမ္ဘောဒီးယား ၉၉၆ ဦး၊ အိန္ဒိယ ၂၄ ဦး၊ တရုတ် ၁၁ ဦး၊ လာအို (၅)ဦးနှင့် ထိုင်းနိုင်ငံသား (၁၀)ဦးတို့ပါဝင်ကြောင်း သိရသည်။

နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုများကို ဆောင်ရွက်ပေးသည့် မြန်မာ (၆၃)ဦးနှင့် ထိုင်း (၂၈) ဦးတို့ကို ဖမ်းဆီးထားသည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတွင်း စီးပွားရေးချွတ်ခြုံကျကာ လုံခြုံမှုမရှိသည့်အခြေအနေများကြောင့် ထိုင်းနိုင်ငံတွင်းသို့ နယ်စပ်မှခိုးဝင်၍ အလုပ်အကိုင်ရှာဖွေရန်ကြိုးစားသူ အဆမတန်များပြားနေခြင်းဖြစ်သည်။

Source: The Nation