ထိုင်းဝန်ကြီးချုပ်က သုဝဏ္ဏဘူမိလေဆိပ်သို့ ရှောင်တခင် သွားရောက်သည့် အချိန် ခရီးသည်များ လူတန်းရှည် စောင့်ဆိုင်းရသည်ကို လက်တွေ့ တွေ့ရှိလိုက်ရ၍ စိတ်မကျေနပ်မှု ဖြစ်ပေါ် 

 ထိုင်းဝန်ကြီးချုပ်က သုဝဏ္ဏဘူမိလေဆိပ်သို့ ရှောင်တခင် သွားရောက်သည့် အချိန် ခရီးသည်များ လူတန်းရှည် စောင့်ဆိုင်းရသည်ကို လက်တွေ့ တွေ့ရှိလိုက်ရ၍ စိတ်မကျေနပ်မှု ဖြစ်ပေါ် 
By Mr John

 ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လူဝင်မှုကြီးကြပ်ရေး ကြီးကြပ်ကွပ်ကဲမှုဌာနတွင် လူတန်းရှည်ပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရမှုကို ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီစင်က ကျေနပ်မှု မရှိဖြစ်နေပြီး သက်ဆိုင်ရာ အရာရှိများအနေဖြင့် ထိုပြဿနာကို ကိုင်တွယ်ဖြေရှင်းရေး အရှိန်မြှင့် အားထုတ်ဆောင်ရွက်ရန် ညွှန်ကြားလိုက်သည်။

ထိုင်းဝန်ကြီးချုပ် ဆရတ်သာက သုဝဏ္ဏဘူမိလေဆိပ်သို့  ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့ ညနေပိုင်းတွင် ဒုတိယအကြိမ် ရှောင်တခင် လာရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ 

ဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၅) ရက်နေ့ကလည်း သုဝဏ္ဏဘူမိလေဆိပ်သို့  ကြိုတင်ပြောကြားထားခြင်းမရှိဘဲ ရှောင်တခင် လာရောက်ခဲ့သေးသည်။ 

ခရီးသည်များ လေဆိပ်တွင် အဓိက ဝန်ဆောင်မှုများအတွက် အချိန်ရှည်ကြာ စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

"သုဝဏ္ဏဘူမိလေဆိပ်ကို ညနေပိုင်းမှာ ရှောင်တခင် သွားရောက်ခဲ့တယ်။ အရင်တစ်ခေါက်သွားတုန်းက မနက်ပိုင်းမှာပါ" ဟု ထိုင်းဝန်ကြီးချုပ် ဆရတ်သာက ၎င်း၏ X လူမှုကွန်ရက်အကောင့်တွင် ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့၌ ရေးသားထားသည်။ 

ယခုတစ်ကြိမ်တွင် ခရီးသည် အများအပြားရှိခဲ့ကြောင်း၊ ခရီးသည်များ ၎င်းတို့၏ ကားပေါ်ကနေဆင်းချိန်မှ လေဆိပ်အတွင်း ဝင်ရောက်ပြီး လုံခြုံရေးစနစ်များကို ဖြတ်သန်းချိန်နှင့် လေဆိပ်အဆောင်သို့ ရောက်ရှိပြီး လေယာဥ်ပေါ်တက်ရန် စောင့်ဆိုင်းရချိန်တို့ကို မှတ်သားခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်က ဆိုသည်။

လေဆိပ်သို့ ဆိုက်ရောက်လာသူများအတွက် လေယာဥ်ပေါ်မှဆင်းပြီး လူဝင်မှုကြီးကြပ်ရေးကို ဖြတ်သန်းရန် ကြာမြင့်ချိန်ကို မှတ်သားကြည့်ခဲ့ရာ အလွန်ရှည်ကြာသည်ကို တွေ့ရကြောင်း ဝန်ကြီးချုပ်ဆရတ်သာက X တွင် ရေးသားထားသည်။ 

လူဝင်မှုကြီးကြပ်ရေးကိစ္စ ဆောင်ရွက်ရာတွင် အချိန်ကြာမြင့်မှုကို ဖြေရှင်နိုင်မည်လားဟု အရာရှိများကို မေးမြန်းခဲ့ရာ ၎င်းတို့က မသေချာဟု ပြောခဲ့ကြကြောင်းလည်း ဝန်ကြီးချုပ်က ဆိုသည်။ 

ထိုကဏ္ဍကို အလျင်အမြန် တိုးတက်ကောင်းမွန်ရန် လိုအပ်ကြောင်း ဆရတ်သာက မှတ်ချက်ပြုခဲ့သည်။

ထိုင်းနိုင်ငံတဝန်း လေဆိပ်များနှင့် လေကြောင်းကဏ္ဍကို စီစဥ်ထားသည့် အဆင့်မြှင့်တင်မှုများ မစတင်မီ ဝန်ကြီးချုပ်ဆရတ်သာက သုဝဏ္ဏဘူမိလေဆိပ်သို့ ရှောင်တခင် (၂) ကြိမ် လာရောက်ကြည့်ရှု စစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။ 

လေဆိပ်များနှင့် လေကြောင်းကဏ္ဍ အဆင့်မြှင့်တင်မှုများကို လာမည့် ၂၀၂၄ ခုနှစ် မတ်လတွင် စတင်သွားမည်ဟု ဆိုသည်။ 

ထိုအစီအစဥ်တွင် သုဝဏ္ဏဘူမိလေဆိပ်၌ လေယာဥ်ပြေးလမ်းသစ်တစ်ခု တည်ဆောက်ရေးလည်း ပါဝင်သည်။

သုဝဏ္ဏဘူမိလေဆိပ်၏ Terminal 1 တွင် တစ်နေ့လျှင် လေယာဥ်ခရီးစဥ် (၅၀) ဝန်ဆောင်မှုပေးနေရာမှ (၂) လအတွင်း တစ်နေ့လျှင် လေယာဥ်ခရီးစဥ် (၁၂၀) သို့ တိုးမြှင့် ဝန်ဆောင်မှုပေးရန်နှင့် ထို့နောက် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် တစ်နေ့လျှင် ခရီးစဥ် (၄၀၀) ဝန်ဆောင်မှုပေးသွားရန် Airports of Thailand (AoT) က ရည်မှန်းထားကြောင်း ထိုင်းဝန်ကြီးချုပ်က ဆိုသည်။

Source: Bangkok Post