နိုင်ငံရေးအကျဉ်းသားအပေါ် အာဏာသိမ်းအဖွဲ့၏ လူသားမဆန်သည့်လုပ်ရပ်များကို ပြင်းထန်စွာရှုံ့ချကြောင်း AAPP သဘောထားထုတ်ပြန်

နိုင်ငံရေးအကျဉ်းသားအပေါ် အာဏာသိမ်းအဖွဲ့၏ လူသားမဆန်သည့်လုပ်ရပ်များကို ပြင်းထန်စွာရှုံ့ချကြောင်း AAPP သဘောထားထုတ်ပြန်
By Tachileik News Agency

အာဏာသိမ်းအဖွဲ့က နိုင်ငံရေးအကျဉ်းသားအချို့ကို ပြန်လွှတ်ပြီး ချက်ချင်းပြန်ဖမ်းသည့် လူသားမဆန်သည့်လုပ်ရပ်များကို ပြင်းထန်စွာ ရှုံ့ချကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ ကျူးလွန်ခဲ့သူများအား အရေးယူရေးတို့ကို ဆက်လက်ကြိုးပမ်းမည်ဟု AAPP က ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့တွင် သဘောထား ထုတ်ပြန်သည်။

အာဏာသိမ်းအဖွဲ့က နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပြီး ချက်ချင်းပြန်ဖမ်းနေရာ AAPP က စာရင်းရရှိထားသည်မှာပင် ချက်ချင်းပြန်အဖမ်းခံရသူ (၁၁၀) ဦးရှိနေပြီး လက်တွေ့တွင် ယင်းထက်ပင်ကျော်လွန်နိုင်ကြောင်း သိရသည်။

ပြန်လွှတ်ပြီး ချက်ချင်းဖမ်းဆီးခြင်းမှာ ကာယကံရှင်အပါအဝင် မိသားစုကိုပါ အပြင်းအထန် စိတ်ဒဏ်ရာ ထပ်မံရစေသဖြင့် ရက်စက်ကြမ်းကြုတ်လှသော စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုဖြစ်သည်ဟု AAPP က ထောက်ပြပြောဆိုထားသည်။

 

ဖမ်းဆီးခံထားရသူများမှာ ဖေဖေါ်ဝါရီ (၁) ရက်နေ့က နိုင်ငံ့အာဏာ မတရားသိမ်းယူခံရမှုကို မကျေနပ်၍ ဆန္ဒထုတ်ဖေါ်ပြသသူများအပြင် သဘောထားကွဲလွဲဖွယ်ရှိသည်ဟု ယူဆရာသူများကိုပါ မတရားဖမ်းဆီးထားခြင်းဖြစ်ပြီး ရက်စက်ကြမ်းကြုတ်စွာ ညှင်းပန်းနှိပ်စက်ခံရမှုများအပြင် မျှတသောတရားစီရင်မှုလည်း မရှိသည့်အခြေအနေနှင့် ကြုံတွေ့နေကြရခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး စစ်ကြောရေးကာလအတွင်း၊ ထိန်းသိမ်းခံရစဉ်အတွင်း သေဆုံးခဲ့ရသူများလည်းရှိပြီး အာဏာသိမ်းအဖွဲ့၏ လိုက်လံဖမ်းဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူလည်း အများအပြားရှိနေခြင်းဖြစ်သည်။

စစ်အာဏာသိမ်းကာလအတွင်း မတရားဖမ်းဆီး၊ သတ်ဖြတ်ခံရသူများစာရင်းကို AAPP (နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း)က စာရင်းပြုစုနေခြင်းဖြစ်သည်။