BBC မှ ခံစားကြည့်အစီအစဉ်တင်ဆက်သူ မထက်ထက်ခိုင်ကို အာဏာသိမ်းအဖွဲ့က ထောင် ၆ နှစ်ချ

BBC မှ ခံစားကြည့်အစီအစဉ်တင်ဆက်သူ မထက်ထက်ခိုင်ကို အာဏာသိမ်းအဖွဲ့က ထောင် ၆ နှစ်ချ
By Tachileik News Agency

BBC Media Action ၏ ခံစားကြည့်အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်သည့် မထက်ထက်ခိုင်ကို အာဏာသိမ်းအဖွဲ့က မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃)နှစ် ထပ်မံချမှတ်လိုက်သဖြင့် စုစုပေါင်း ထောင်ဒဏ် (၆)နှစ်ချမှတ်ခံရခြင်းဖြစ်သည်။

အင်းစိန်ထောင်အထူးတရားရုံးတွင် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် ထပ်မံအမိန့်ချလိုက်ခြင်းဖြစ်ပြီး စက်တင်ဘာ (၁၅) ရက်နေ့ကလည်း ဗဟန်းတရားရုံးက ပုဒ်မ ၅၀၅ ကဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် အမိန့်ချထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးရက်ပိုင်းမှာပင် ၎င်းတို့အား အာဏာသိမ်းစစ်တပ်ဟု သုံးနှုန်းဖေါ်ပြခြင်းမပြုရန် သတင်းဌာနများအား တားမြစ်ခြင်းမှစကာ သတင်းလွတ်လပ်ခွင့်ကို နည်းမျိုးစုံဖြင့် ပိတ်ပင်နေသည့် အာဏာသိမ်းစစ်ကောင်စီက တစ်နှစ်ကျော်ကာလအတွင်း ဖမ်းဆီးထားရသည့် သတင်းသမားဦးရေ (၁၀၀)ကျော်ရှိနေပြီဖြစ်ပြီး အမှုဖွင့်တရားစွဲဆိုထား၍ တိမ်းရှောင်နေရသည့် သတင်းသမားအများအပြားလည်း ရှိနေခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် သတင်းသမားဖမ်းဆီးခံရမှု စံချိန်တင်မြင့်တက်ခဲ့ပြီး နှစ် ၃၀ အတွင်း အမြင့်ဆုံးစံချိန်သို့ရောက်နေခြင်းဖြစ်ကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။