မကွေးတိုင်းဒေသကြီးအတွင်း အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုဘတ်ဂျက်က တောင်းတိုင်းမရ၍ တိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် အဓိကထား ဆောင်ရွက်ခဲ့ရ

မကွေးတိုင်းဒေသကြီးအတွင်း အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုဘတ်ဂျက်က တောင်းတိုင်းမရ၍ တိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် အဓိကထား ဆောင်ရွက်ခဲ့ရ
ဇူလိုင် 30, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီးအတွင်း အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုဘတ်ဂျက်က တောင်းတိုင်းမရ၍ တိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် အဓိကထား ဆောင်ရွက်နိုင်ခဲ့

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များအရ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ (၄)နှစ်တာ သက်တမ်းကာလအတွင်း လမ်း၊ လျှပ်စစ် စသည့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်  ပြည်ထောင်စုဘတ်ဂျတ်က တင်တိုင်းမရသည့်အတွက် တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် အဓိကထား ဆောင်ရွက်နိုင်ခဲ့ကြောင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ပြောကြားသည်။

ကျွန်တော်တို့အစိုးရအဖွဲ့ (၄)နှစ်ကျော် သက်တမ်းအတွင်း နိုင်ငံတော်သမ္မတတို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ရဲ့ လမ်းညွှန်ချက်တွေအရ အဓိက လမ်း၊ လျှပ်စစ် စတဲ့ အခြေခံအဆောက်အဦတွေဖွံ့ဖြိုး တိုး တက်ရေးကို အဓိကထား ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံက အခြေခံအဆောက်အဦတွေဖွံ့ဖြိုး တိုး တက်ရေးအတွက် သုံးတဲ့ငွေဟာ အာဆီယံစံနှုန်းနဲ့ဆိုရင် တစ်ဝက်လောက်ပဲရှိပါသေးတယ်။ ပြည်ထဲ ရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍအသီးသီးအတွက် ပြည်ထောင်စုဘတ်ဂျက်နဲ့ သုံးစွဲရတာဆိုပေမယ့် ပြည်ထောင်စုဘတ်ဂျက်က တင်တိုင်းမရတဲ့အတွက် တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေနဲ့ သုံးရတာရှိပါတယ်

ဟု ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ပြောသည်။

၂၀၁၆ ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အာဏာလွှဲယူခဲ့စဉ်က ယခင် တိုင်းအစိုးရထံမှ ရရှိရမည့် တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ ကျပ်ငွေသန်းပေါင်း(၇)ထောင် ကျော် ပျောက်ဆုံးနေခဲ့ကြောင်း စိစစ်တွေ့ရှိ၍ ပြန်လည်ရရှိရန် ဆောင်ရွက်နိုင်ခဲ့သဖြင့် ကျပ်သန်းပေါင်း (၃)ထောင်ကျော် ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

ကျွန်တော်တို့လက်ထက်မှာလည်း မကွေးတိုင်းမှာ ချက်ဖိုမရှိတာကြောင့် ချက်ဖိုရှိတဲ့ မုံရွာတို့ ဧရာဝတီ တိုင်းတို့ဆီ ကို သယ်ဆောင်ရလို့ ရေနံမျှောစာ တစ်ပီပါကို (၅)ထောင်ကျပ်နှုန်းနဲ့ ကောက်ခံခဲ့တာမှာ (၄)နှစ် သက်တမ်းအတွင်းမှာ ကျပ်ငွေ (၂၆)ဘီလီယံ ရရှိခဲ့ပါတယ်။ ဒါတွေကို စောစောကပြောတဲ့ လုပ်ငန်း တွေအတွက် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနဲ့အညီ သုံးစွဲလျှက်ရှိနေပါတယ်

ဟု ဝန်ကြီးချုပ်က ပြောသည်။

အဆိုပါ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ မကွေးတိုင်းအတွင်းရှိ နေထိုင်မရတော့လောက် အောင် ပျက်စီးနေသည့်  ရဲတပ်ဖွဲ့လိုင်းခန်းများ၊ ရဲစခန်းများအား တတ်နိုင်သမျှ ပြင်ဆင်ပေးခြင်း၊ အသစ်ဆောက်လုပ်ပေးခြင်းတို့ကိုလည်း ကျပ်သန်း(၉၀၀)ကျော် သုံးစွဲ၍ ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဇူလိုင်(၂၇)ရက်နေ့ကပြုလုပ်ခဲ့သည့် အစိုးရ အဖွဲ့ ၏ စတုတ္ထတစ်နှစ်တာလုပ်ဆောင်မှု သတင်းစာရှင်းလင်းပွဲတွင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~