အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံထားရသူများထဲက တာချီလိတ် နှင့် ကျိုင်းတုံတို့မှ (၁၅)ဦး ပြန်လည်လွတ်မြောက်

အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံထားရသူများထဲက တာချီလိတ် နှင့် ကျိုင်းတုံတို့မှ (၁၅)ဦး ပြန်လည်လွတ်မြောက်
အောက်တိုဘာ 18, 2021 | ရှမ်းရှေ့

အာဏာသိမ်းစစ်ကောင်စီမှ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ နှင့် တာချီလိတ်မြို့တို့မှ အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံထားရသူများအနက် အမိန့်ချပြီးသူများထဲက (၁၅)ဦးကို ယနေ့ အောက်တိုဘာလ(၁၈)ရက်နေ့တွင် လွှတ်ပေးလိုက်ပြီး လွှတ်ပေးထိုက်သူ နှင့် မလွှတ်ပေးထိုက်သူ စာရင်းများကို စိစစ်ကာ ဆက်လက် လွှတ်ပေးမည်ဟုလည်း သိရသည်။၊

ဒီနေ့တော့ (၁၅)ဦး လွှတ်လာတယ်။ ကျန်တာကိုတော့ နောက်ပိုင်း ဆက်လွှတ်မယ်လို့တော့ ပြောတယ်။ လွှတ်ပေးသင့်သူ မသင့်သူ ခွဲပြီး လွှတ်ပေးမယ်လို့တော့ ပြောသံကြားခဲ့တယ်

ဟု ကျိုင်းတုံဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ယနေ့ လွှတ်ပေးလိုက်သူများတွင် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၂၃)ရက်နေ့က သဘာဝဘေး ဥပဒေဖြင့် ထောင်ဒဏ်(၁)နှစ်စီ ချမှတ်ခံလိုက်ရသည့် တာချီလိတ်မြို့က  ဦးတင့်ဆွေ၊ ဦးကျော်မြင့်၊ ဒေါ်ခင်မာဦး၊ ဦးဇော်သူရှိန်  (ခ) ဇော်ဇော်၊ ဦးမြတ်မင်းအောင်၊ ဦးအောင်မြတ်၊  ဦးဝင်းကျော် (ခ)ဦးဝေမိုး၊ ဦးအောင်ဇေယျာဖြိုး  (ခ) ကိုဖြိုး နှင့် ခွန်ပြူး (ခ) ပအိုဝ်းတို့  စုစုပေါင်း (၉)ဦး ပါဝင်သည်။ 

ကျိုင်းတုံမြို့က ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့က ထောင်ဒဏ် (၃)နှစ်စီ ချမှတ်ခံလိုက်ရသည့်  မချော (ခ) ဒေါ်ခင်မမလှိုင်၊ ဦးမြင့်စိုး၊ ဦးမိုးအောင်၊  မောင်ဂျူးလီ၊ နန်းခမ်းဖူးမြတ် ၊ ယွန်းလဲ့နန္ဒာတို့သည် ယနေ့ လွှတ်မြောက်ရာတွင် စုစုပေါင်း (၆)ဦး ပါဝင်လာသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ကျိုင်းတုံ နှင့် တာချီလိတ်မြို့တို့တွင် နိုင်ငံ့အာဏာသိမ်းခံရသည့် ကာလအတွင်း ဖမ်းဆီးခံရသူနှင့် အမှုဖွင့်ခံရ၍ တိမ်းရှောင်နေရသူ စုစုပေါင်း အနည်းဆုံး (၁၀၀)ကျော်အထိ ရှိနေသည်။

စစ်တပ်မှ မတရားအာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့မှစတင်ပြီး ၅၀၅-က ဖြင့် အရေးယူခံရသူ အနုပညာရှင် (၂၄) ဦး၊ လူမှုကွန်ယက်တွင် လူသိများသူ (၁၀) ဦးအပါအဝင် ပြစ်ဒဏ်ကျခံနေရသူနှင့် အမှုရင်ဆိုင်နေရသူ (၅,၆၃၆) ဦးကို အကန့်အသတ်များဖြင့် လွတ်ပေးမည်ဟု အောက်တိုဘာလ (၁၈) ရက်နေ့တွင် ကြေညာထားသည်။