မိုင်းဖြတ်မြို့တွင် ကြံ့ဖွံ့ပါတီ နာယက၊ မြို့နယ်စကစ အဖွဲ့ဝင်က ခွင့်ပြုချက်မရှိဘဲ  Grade 12 တန်း ကျောင်းသားများအပေါ် တစ်ဦးလျှင် ကျပ်(၈၀,၀၀၀)ကောက်ခံပြီး နာမည်ခံပေးကာ  ကျောင်းတွင်း ကျူရှင်ဖွင့်

မိုင်းဖြတ်မြို့တွင် ကြံ့ဖွံ့ပါတီ နာယက၊ မြို့နယ်စကစ အဖွဲ့ဝင်က ခွင့်ပြုချက်မရှိဘဲ  Grade 12 တန်း ကျောင်းသားများအပေါ် တစ်ဦးလျှင် ကျပ်(၈၀,၀၀၀)ကောက်ခံပြီး နာမည်ခံပေးကာ  ကျောင်းတွင်း ကျူရှင်ဖွင့်
သြဂုတ် 6, 2023 | 2021 Military Coup| ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း မိုင်းဖြတ်မြို့တွင် ကြံ့ဖွံ့ပါတီဝင်တစ်ဦးလည်း ဖြစ်သလို စစ်ကောင်စီ၏ မြို့နယ်စကစ အဖွဲ့ဝင် ဦးထွန်းရွှေက အမည်နှင့် အရှိန်အဝါကို အသုံးချပြီး ဒေသအတွက်ဟုဆိုကာ G12 အတန်းမှ ကျောင်းသားများကို တစ်လျှင် ကျပ်(၈၀,၀၀၀)ကောက်ခံကာ ကျူရှင်သဖွယ် ဖွင့်လှစ်ပြီး ကျောင်းတွင်း၌ သင်ကြားပေးနေကြောင်း သိရသည်။

"အခုလို အခက်အခဲ ဖြစ်နေတဲ့ ကာလမှာ တစ်လကို ကျပ်(၈၀၀၀၀)ကောက်တယ်။ သင်ပေးတာက အထက(မိုင်းဖြတ်)ကျောင်းထဲမှာပဲ သင်တာ။ ဇူလိုင်လရဲ့ လဆန်းလောက်ကတည်းက စသင်တာ။ သင်တဲ့အချိန်က ညနေကျောင်းလွတ်ရင် အချိန်ပိုဆိုပြီး ခေါ်သင်တာ။ ကျောင်းထဲက ဆရာ၊ ဆရာမတွေကို စာပြခိုင်းတယ်။ အဲ့တော့ ဦးထွန်းရွှေက နာမည်ယူမယ် ကျောင်းအုပ်နဲ့ဆရာမတွေက မျှစားကြဆိုတဲ့ သဘောပေါ့။ သူက ဘယ်သူတိုင်တိုင် သူရှင်းမယ်လို့ပြောတယ်။  တကယ်က ကျောင်းမှာ ဆရာမတွေ ကျူရှင်သင်ခွင့်မရှိဘူး။ ကျိုင်းတုံမှာတောင် ပြည်နယ်မှူးကို အထက်က အောက်ခြေမှာ ကျူရှင်တွေ မဖွင့်ဖို့ ပြောလာထားပြီးသား၊ အခုလို မိုင်းဖြတ်မှာ ပညာရေးနဲ့မသက်ဆိုင်တဲ့ ဘယ်သူ့ခွင့်ပြုချက်မှ မရှိဘဲ လုပ်နေတဲ့ ဦးထွန်းရွှေ လုပ်ရပ်ကို ပြည်နယ်ပညာရေးက ဘယ်လို ကိုင်တွယ် အရေးယူမလဲဆိုတာ ကြည့်ရတော့မှာပဲ"ဟု အမည်မဖော်လိုသည့် ကျောင်းသားမိဘ တစ်ဦးက  ပြောသည်။



ဦးထွန်းရွှေ ဆိုသူမှာ မိုင်းဖြတ်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ နာယကတစ်ဦးလည်းဖြစ်သလို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်လည်းဖြစ်ပြီး ၎င်းသည် ဒေအတွင်း၌ ၎င်းပြောရင် အကုန်ပြီးသည်ဟု ယူဆထားသူဖြစ်ကြောင်း နှင့် ယခုအခါ ဒေသအတွက် ကျောင်းသားများ စာတတ်ရေးအတွက်ဟုဆိုကာ အခမဲ့ မဟုတ်ဘဲ တစ်လလျှင် တစ်ဦးကို ကျပ်(၈၀,၀၀၀)နှုန်း ကောက်ခံပြီး  လုပ်ဆောင်ခြင်းမှာ ၎င်းနှင့် မည်သို့မှ အပ်စပ်ခြင်းမရှိသလို  နာမည် ရလို၍ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဒေသခံ အချို့က ဆိုသည်။

"Grade 12 အတန်းက ကလေးတွေ ဘယ်မှာမှ ကျူရှင်မတက်ရဘူး။ သူဖွင့်တဲ့နေရာမှာပဲ တက်ရမယ်။ ဆရာမ တွေလည်း ကျူရှင်မသင်ရဘူး။ အခုလို သူ့ရပ်နဲ့ပတ်သက်ပြီး ဘယ်သူတိုင်တိုင် သူရှင်းမယ်။ ကြံ့ဖွံ့ပါတီရဲ့ ရှမ်းရှေ့ ဥက္ကဌ ဦးလင်းဇော်ထွန်းကိုလည်း ပြောရင် ပိုင်တယ်ဆိုပြီး အဲ့လိုတွေလည်း ပြောလေ့ရှိတယ်"ဟု  ကျောင်းသားမိဘ တစ်ဦးက ၀၂၃ခုနှစ် ဩဂုတ်လ(၆)ရက်နေ့တွင် Tachileik News Agency ကို ပြောသည်။

မိုင်းဖြတ်မြို့သည် ရှမ်းနှင့်အာခါတိုင်းရင်းသားများနေထိုင်သလို လားဟူတိုင်းရင်းသားအများဆုံးနေထိုင်သည့် ဒေသဖြစ်ပြီး စစ်တပ်အင်အားကောင်းသလို စစ်တပ်က ပြည်သူ့စစ်များကို အခွင့်ရေးများ ပေးထားသည့် နည်းတူ ကြံ့ဖွံ့ပါတီအင်အားလည်း မသိနားမလည်သည့် တိုင်းရင်းသားများအပေါ် လွှမ်းမိုးထားသည့် ဒေသဖြစ်၍ ဒေသခံအများစုမှာ ရဲရဲဝံ့ဝံ့ ဖွင့်ဟပြောဆိုရဲခြင်း မရှိကြသည့် ဒေသဖြစ်သည်။