တာချီလိတ် နယ်စပ်မြို့တွင် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူမှု စတင်

တာချီလိတ် နယ်စပ်မြို့တွင် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူမှု စတင်
ဇန်နဝါရီ 15, 2020
By Tachileik News Agency

တာချီလိတ် နယ်စပ်မြို့တွင်  ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူမှု စတင် 

ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုရန်၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းကို ရှမ်းပြည်နယ်အတွင်း ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ (၁၅) ရက်နေ့မှစ၍ စာရင်းကောက်အဖွဲ့များက စတင်ကောက်ယူနေပြီဖြစ်ရာ တာချီလိတ်မြို့တွင် ရပ်ကွက်၊ကျေးရွာ (၁၃)ခုမှ အိမ်ထောင်စုပေါင်း (၅၅၆)စုကို စာရင်းကောက်ယူပြီးကြောင်း သိရသည်။

“ ရှမ်းပြည်နယ်တစ်ပြည်နယ်လုံး ဒီနေ့ စကောက်တာပေါ့နော်။ တာချီလိတ်မှာက စာရင်းကောက်အဖွဲ့ (၄)ဖွဲ့နဲ့ ကောက်ယူနေတယ်။ သင်တန်းပေးထားတဲ့ စာရင်းကောက်အဖွဲ့တွေနဲ့ ကောက်ယူနေတာပါ။ စာရင်းသွားကောက်တဲ့ အချိန်မှာ ကြုံရတာကတော့ ဒီကနေ့ ဒီအိမ်တွေကို လာမယ်လို့ ကြိုအကြောင်းကြားထားပေမဲ့ လူကြီးတွေ မရှိဘဲ ကလေးတွေပဲ ကျန်တာမျိုးတွေ့ရတယ်။ အဲဒီလိုအိမ်တွေကို နောက်ရက်မှာ သွားပြန်ကောက်တာမျိုး လုပ်ရမှာပေါ့”

ဟု တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုင်းဆိုင်တစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူခြင်းကို ဇန်နဝါရီလ (၂၈) ရက်နေ့အထိ ကောက်ယူမည်ဖြစ်ပြီး ကလေးငယ်များ၏ ပညာရေးဆိုင်ရာမေးခွန်းများအပြင် သောက်သုံးရေ နမူနာများကိုလည်း စစ်ဆေးကောက်ယူမည်ဖြစ်ကြောင်း သိရသည်။

"၂၀၁၄ တုန်းက မေးခွန်ပုံစံ (၄၁) မျိုးပဲ ကောက်တယ်။ ၂၀၁၉ မှာကောက်မယ့် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းမှာတော့ မေးခွန်းပေါင်း (၁၁၀) ပါလာတယ်။ ပညာရေးဝန်ကြီးဌာနတို့၊ အလုပ်သမားဝန်ကြီးဌာနတို့၊ ကျန်းမာရေးဝန်ကြီးဌာနတို့၊ လူမှုဖူလုံရေးတို့က သိလိုတဲ့မေးခွန်းတွေကို အကုန်ထည့်ထားတယ်။ မေးခွန်းတွေမေးတယ်ဆိုတာ လိုက်လံစစ်ဆေးဖို့လည်း မဟုတ်ဘူး။ အခွန်ကောက်ဖို့လည်း မဟုတ်ဘူး။ ရွေးကောက်ပွဲနဲ့လည်း မဆိုင်ဘူး"

ဟု တာချီလိတ်ခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူပြီးနောက် ကြားဖြတ် သန်းခေါင်စာရင်းကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် (၄) သုတ်ခွဲ၍ ကောက်ယူနေခြင်းဖြစ်သည်။

ကြားဖြတ်သန်းခေါင်စာရင်း ပထမအသုတ်တွင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)တို့တွင်လည်းကောင်း၊ ဒုတိယအသုတ်ကို ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်းကောင်း၊ တတိယအသုတ်ကို ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ကောက်ယူခဲ့ပြီးနောက် စတုတ္ထအသုတ်အဖြစ် ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ကောက်ယူရန်ပြင်ဆင်နေခြင်းဖြစ်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကောက်ကွက် (၁၀၉) ကွက်၊ တာချီလိတ်ခရိုင်အတွင်း ကောက်ကွက် (၄၅) ကွက်ပါဝင်မည်ဖြစ်သည်။

Tachileik News Agency
 ဓါတ်ပုံ - လ၀က
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~