အစည်းအဝေး မဖိတ်ခြင်းက ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်မည်ဟု အာဏာသိမ်းအဖွဲ့က အာဆီယံကို သတိပေး

အစည်းအဝေး မဖိတ်ခြင်းက ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်မည်ဟု အာဏာသိမ်းအဖွဲ့က အာဆီယံကို သတိပေး
အောက်တိုဘာ 16, 2021 | နိုင်ငံတကာသတင်း

လာမည့် အာဆီယံထိပ်သီးအစည်းအဝေးများတွင် မြန်မာအာဏာသိမ်းအဖွဲ့ခေါင်းဆောင်အား တက်ခွင့်မပြုရန် ဆုံးဖြတ်ခြင်းကြောင့် အာဆီယံအတွက် ဘေးထွက်ဆိုးကျိုးများဖြစ်စေမည်ဟု အာဏာသိမ်းအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၆) ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

မြန်မာအာဏာသိမ်းခေါင်းဆောင်အား တက်ခွင့်ပေး၊ မပေးနှင့်ပတ်သက်၍ ယမန်နေ့ အောက်တိုဘာလ (၁၅) ရက်နေ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးတွင် တက်ရောက်သည့် အာဏာသိမ်းအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးက အဆိုပါကိစ္စမှာ ဆွေးနွေးရန်မလို၍ မြန်မာက သဘောမတူကြောင်းကို မှတ်တမ်းတင်ပေးရန် ဆွေးနွေးခဲ့သည်ဟုလည်း ဖေါ်ပြထားသည်။

ရွေးကောက်ထားသည့်အစိုးရကို ဖမ်းဆီးပြီး စစ်အာဏာသိမ်းထားသဖြင့် လူထုက လက်မခံဘဲ ပဋိပက္ခဖြစ်ပွားနေခြင်းနှင့်ပတ်သက်၍ ကြားဝင်ညှိနှိုင်းအဖြေရှာနိုင်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ဘုံသဘောတူညီချက် (၅) ချက်အတိုင်း အာဆီယံအထူးကိုယ်စားလှယ်က မြန်မာနိုင်ငံသို့လာမည့်ခရီးစဉ်မှာ အာဏာသိမ်းအဖွဲ့၏ ကန့်သတ်ချက်များကြောင့် ရွှေ့ဆိုင်းခဲ့ရပြီးနောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာအာဏာသိမ်းခေါင်းဆောင်ကို တက်ခွင့်မပေးရန် ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။

 

ဆက်စပ်သတင်း