ဘေဂျင်းမြို့တွင် တရုတ်သမ္မတရှီကျင့်ဖျင်ကို ရှားရှားပါးပါး ဆန္ဒပြ 

ဘေဂျင်းမြို့တွင် တရုတ်သမ္မတရှီကျင့်ဖျင်ကို ရှားရှားပါးပါး ဆန္ဒပြ 
အောက်တိုဘာ 14, 2022 | နိုင်ငံတကာသတင်း
By Mr John

တရုတ်နိုင်ငံတွင် သမ္မတရှီကျင့်ဖျင်နှင့် ၎င်း၏ မူဝါဒများကို ရှားရှားပါးပါး ဆန္ဒပြမှုတစ်ခု ဘေဂျင်းမြို့တွင် အောက်တိုဘာလ (၁၃) ရက်နေ့က ဖြစ်ပွားခဲ့ပြီး လူကူးတံတာတစ်စင်းပေါ်တွင် စာတန်းချိတ်ဆွဲကာ ဆန္ဒပြမှုမှာ အလျင်အမြန် ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။ 

ရှီကျင့်ဖျင်ကို တတိယမြောက် သမ္မတသက်တမ်း ဆက်လက် တာဝန်ယူခွင့်ပြုသွားမည့် အာဏာရ ကွန်မြူနစ်ပါတီ၏ အရေးပါသည့် ညီလာခံ မတိုင်မီ ရက်ပိုင်းအလိုတွင် ယခုဆန္ဒပြမှု ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

အောက်တိုဘာလ (၁၃) ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းက Twitter တွင် ပျံနှံ့လာသည့် ဓာတ်ပုံများအရ ဘေဂျင်းမြို့ အနောက်မြောက်ပိုင်းရှိ လူကူးတံတားတစ်စင်းတွင် ရှီကျင့်ဖျင်နှင့် ၎င်း၏ COVID-19 လုံးဝ ကင်းစင်ပပျောက်ရေး တင်းမာသော zero-Covid မူဝါဒကို ကန့်ကွက်ဆန္ဒပြသည့် ကြီးမားသော စာတန်းကြီး (၂) ခုကို ချိတ်ဆွဲထားသည်ကို တွေ့ရသည်။

"Covid စစ်ဆေးမှု အလိုမရှိ၊ အစားအစာ အလိုရှိ။ lockdown အလိုမရှိ၊ လွတ်လပ်မှုကို အလိုရှိ။ လိမ်ညာမှုတွေ အလိုမရှိ၊ ဂုဏ်သိက္ခာ အလိုရှိ။ ယဥ်ကျေးမှုတော်လှန်ရေး အလိုမရှိ၊ ပြုပြင်ပြောင်းလဲရေး အလိုရှိ။ ကြီးမြတ်သည့်ခေါင်းဆောင် အလိုမရှိ၊ ဆန္ဒမဲပေးဖို့ အလိုရှိ။ ကျွန်မဖြစ်ပါစေနဲ့၊ နိုင်ငံသားတစ်ယောက် ဖြစ်ပါစေ" ဟု အဓိပ္ပါယ်ရသည့် စာသားများကို ထိုဆန္ဒပြစာတန်းတစ်ခုတွင် ရေးသားထားသည်။ 

နောက်ထပ် စာတန်းတွင်မူ "ဆန္ဒပြကြ၊ အာဏာရှင်နဲ့ အမျိုးသားသစ္စာဖောက် ရှီကျင့်ဖျင်ကို ဖယ်ရှားကြ" ဟု ရေးသားထားကြောင်း သိရသည်။

ဆန္ဒပြပွဲ ဓာတ်ပုံနှင့် ဗီဒီယိုများတွင် တံတားပေါ်မှ မီးခိုးများထွက်နေသည်ကို တွေ့ရပြီး အသံသွင်းထားသည့် ဆန္ဒပြကြွေးကြော်သံများကို အသံချဲ့စက်တွင် ဖွင့်ထားသည်ကိုလည်း ကြားရသည်။ 

အဆိုပါ ဓာတ်ပုံများနှင့် ဗီဒီယိုမှတ်တမ်းများကို သီးခြား အတည်မပြုနိုင်သော်လည်း ၎င်းတို့မှာ ဘေဂျင်းမြို့ Haidian ခရိုင်ရှိ Third Ring လမ်းမကို ဖြတ်ကူးသည့် Sitong လူကူးတံတားပေါ်မှ မြင်ကွင်းများ ဖြစ်သည်ဟု CNN က ဖော်ပြသည်။

CNN သတင်းအဖွဲ့က Sitong တံတားကို အောက်တိုဘာလ (၁၃) ရက် ဒေသစံတော်ချိန် မွန်းလွဲ (၃) နာရီခွဲဝန်းကျင်တွင် ရောက်ရှိခဲ့စဥ် ဆန္ဒပြမှု သို့မဟုတ် စာတန်းချိတ်ဆွဲထားမှုကို မမြင်တွေ့နိုင်ခဲ့ဟု ဆိုသည်။

 သို့သော် ထိုတံတားပေါ်နှင့် အနီးတဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြားရှိနေသည်ကို သိသိသာသာ တွေ့ခဲ့ရသည်။ 

ထို့အတူ CNN အဖွဲ့ ဖြတ်သန်းခဲ့သည့် Thrid Ring လမ်းမတစ်လျှောက်ရှိ လူကူးတံတားတိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များရှိနေသည်ကိုလည်း တွေ့ရသည်။

တရုတ်အာဏာပိုင်များကမူ ယခုဆန္ဒပြမှုဖြစ်ရပ်နှင့် ပတ်သက်၍ မှတ်ချက်ပြု ပြောကြားခြင်းမရှိသေးဟု CNN သတင်းက ဖော်ပြသည်။ 

တရုတ်နိုင်ငံတွင် ကွန်မြူနစ်ပါတီ၏ အကြိမ် (၂၀) မြောက် ညီလာခံကို အောက်တိုဘာလ (၁၆) ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။ 

ထိုညီလာခံတွင် လက်ရှိ သမ္မတသက်တမ်း သတ်မှတ်ထားချက်ကို ပယ်ဖျက်ပြီး ရှီကျင့်ဖျင်ကို သမ္မတအဖြစ် တတိယသက်တမ်း ဆက်လက် တာဝန်ယူစေမည်ဖြစ်ရာ အကယ်၍ ၎င်းကသာ ဆန္ဒရှိပါက တစ်သက်တာ အုပ်ချုပ်မှုအာဏာရရှိစေရန် လမ်းပွင့်သွားမည်ဟု သိရသည်။

Source: CNN, BBC